အိန္ဒိယက နှစ်ရှည် ဖမ်းထားတဲ့ မြန်မာ ၃၁ ဦး လွတ်ပြီ

  • 19 မေ 2011
NUPA
Image caption စာတမ်းထိုးထားတဲ့ တီရှပ်တွေကို ဝတ်ပြီး ထောင်က ထွက်လာကြ

အိန္ဒိယ အစိုးရက ၁၃ နှစ်ကျော် ဖမ်းဆီး ထားခဲ့ တဲ့ KNU ကရင် အမျိုး သား အစည်း အရုံး နဲ့ NUPA ရခိုင် လက်နက် ကိုင် အဖွဲ့ဝင် ၃၄ ဦး ထဲက ၃၁ ဦးကို ဒီကနေ့ ပြန်လွှတ် ပေးလိုက် ပါတယ်။

သူတို့ဟာ "အိန္ဒိယ ထောင်မှာ ၁၃ နှစ် ကြာခဲ့ပြီး လွတ်လာပြီ" ဆိုတဲ့ ဆောင်ပုဒ်တွေ ရေးထားတဲ့ တီရှပ် အင်္ကျီ တွေကို ဝတ်ဆင်ပြီး ကာလကတ္တား မြို့ Presidency အကျဉ်းထောင် ဂိတ်ဝကနေ ဒေသ စံတော်ချိန် ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီလောက် တုန်းက ထွက်လာ ခဲ့ကြပါတယ်။

အကျဉ်းထောင် ကနေ ပြန်လွတ်လွတ်ချင်း အကျဉ်းသား တဦးဖြစ်တဲ့ ရခိုင်အဖွဲ့က ခေါင်းဆောင် ကိုဓညလင်း က သူတို့ကို ပြန်လွှတ် ပေးတော့မှာကို သိရလို့ ဝမ်းသာပြီး အိပ်လို့တောင် မရဘူးလို့ ပြောပါတယ်။

သူတို့ထဲက ၃ ဦး ကတော့ နောက်ထပ် အမှု ငယ်တချို့ကို ရင်ဆိုင်ဖို့ ရှိနေတဲ့ အတွက် ကပ္ပလီကျွန်းနဲ့၊ ကိုကိုး ကျွန်းဆီ ပြန်သွားရမှာမို့ ပြန်မလွတ်သေးတဲ့ အကြောင်း လည်း သူက ပြောပါတယ်။

Image caption ကာလကတ္တား ထောင်ကနေ ဒေလီကို ထွက်ခွာ လာတဲ့ လွတ်မြောက် လာသူတွေ

မျက်မှောက်ခေတ် မြန်မာ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ် နေတဲ့ ဒီလူ ၃၄ ဦး လွတ်မြောက်မယ့် ကိစ္စကို အိန္ဒိယ အစိုးရက ယုံကြည် စိတ်ချစွာနဲ့ လွှတ်ပေးအောင် ဘားမား စင်တာ ဒေလီက တာဝန်ယူ ပေးခဲ့ရတယ်လို့ ဒေလီ အခြေစိုက် အဝေးရောက် ညွန့်ပေါင်း အစိုးရ ဝန်ကြီး တဦးဖြစ်တဲ့ ဒေါက်တာ တင့်ဆွေက ဘီဘီစီကို ပြောခဲ့ပါတယ်။

သူတို့ကို အိန္ဒိယက လွှတ်ပေး သင့်တာ ကြာပြီ ဖြစ်ပေမယ့် ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီး ရုံးက ဒုက္ခသည် အဖြစ် အသိအမှတ်ပြု လက်မှတ် မရသေးတဲ့ အတွက် ထောင်ထဲမှာပဲ ဆက်နေ ခဲ့ရပြီး အခုတော့ လက်မှတ် ရပြီဖြစ်လို့ လွတ်မြောက် ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ အစိုးရက ဒီလူ ၃၄ ဦးကို လက်နက် မှောင်ခို မှုနဲ့ တရားစွဲ ခဲ့တာ ဖြစ်ပြီး၊ အကျဉ်းသားတွေ ဖက်ကတော့ အိန္ဒိယ ထောက်လှမ်းရေးက သူတို့ကို အကူညီ ပေးမယ်ဆိုပြီး ဖိတ်ခေါ် ခဲ့တဲ့ အတွက် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ တုန်းက ကပ္ပလီ ကျွန်းစု ဖက်ကို လာရောက် ခဲ့တာလို့ ပြောခဲ့ ကြပါတယ်။

ရောက်လာတဲ့ အခါမှာတော့ အိန္ဒိယ ထောက်လှမ်းရေးက သူတို့ အဖွဲ့ခေါင်းဆောင် ခိုင်ရာဇာ အပါအဝင် လူ ၆ ဦးကို ကွပ်မျက် ခဲ့တယ်လို့ သူတို့က စွပ်စွဲ ခဲ့ပါတယ်။