မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား တင်းမာမှုတိုးလာ

  • 20 မေ 2011
Kachin
Image caption ကေအိုင်အိုက တိုက်ပွဲတွေ ပြန်မဖြစ် စေချင်ဘူးလို့ ဆို

မြစ်ကြီးနားမြို့ အရှေ့ဘက် ကန်ပိုက်တီးနဲ့ ဆက်သွယ်တဲ့ လမ်းကြောင်းပေါ်က ဆဒုံးမြို့နားမှာ ရှိတဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့ရဲ့ တိုက်နယ်ရုံး အပေါ်ကို ကျော်ပြီး မြန်မာ အစိုးရ စစ်တပ်က လက်နက်ငယ် တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အို ဖက်က စွပ်စွဲ ပြောဆို ခဲ့ပါတယ်။

ခုနောက်ဆုံး ဖြစ်နေတဲ့ တင်းမာမှု တွေနဲ့ ပတ်သက်ပြီး ကေအိုင်အိုရဲ့ တွဲဖက် အတွင်းရေးမှူး တဦးဖြစ်တဲ့ ဦးလနန်ကို ဘီဘီစီကဆက်သွယ် မေးကြည့်တော့ ခုလို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဦးလနန်။ ။ မနေ့ည ကလည်း ဆယ်နာရီ လောက်မှာ၊ ကျွန်တော်တို့ ကေအိုင်အေ တပ်ရင်း ၃ ဧရိယာ ဘက်မှာ အူဂျွန်ဘွမ် ဆိုတဲ့ စစ်အစိုးရရဲ့ ခလရ ၁၅ လှုပ်ရှား တပ်တွေက ကျွန်တော်တို့ မန်ဇောင်ယန် အုပ်ချုပ်ရေး ရုံးဘက်ကို ရည်ရွယ်ပြီးတော့ လက်နက်ငယ်နဲ့ အကြိမ်ကြိမ် ပစ်ခတ်မှုတွေ ရှိတယ်။ နောက်တခုက ၁၈ ရက်နေ့က ဖြစ်သွားတဲ့ ကေအိုင်အေ တပ်ရင်း ၁၁ ဖက်မှာလည်း ဒီနေ့၊ ဒီအချိန်မှာ စစ်ကြောင်း နဲ့ လှုပ်ရှားဖို့လို့ စီစဉ် နေကြတယ်။ အဲဒီ တပ်ရင်းတွေကတော့ ခလရ ၁၂၁ ရယ်၊ ခလရ ၂၉ ရယ်၊ ခလရ သုံးခုပေါ့၊ အင်အား ၂၀၀ လောက်ရှိတယ်။ သူတို့က နောင်ရာရန် တောင်ကုန်းမှာ အခြေချဖို့ စီစဉ်ထားတယ်လို့ ကျွန်တော်တို့က အဲဒီလို ယူဆတယ်။ ဒါ အခုနောက်ဆုံး အခြေအနေ တင်းမာမှုတွေပေါ့။

ဘီဘီစီ။ ။ ခုနဆဒုံးမှာ ဖြစ်တယ်ဆိုတဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ ဒါက အစိုးရတပ်တွေက ပစ်တယ်ဆိုတာကို အတိအကျ ပြောနိုင် သလားခင်ဗျ။ တိုက်ပွဲ ဖြစ်တာလား။

ဦးလနန်။ ။ တိုက်ပွဲ အဆင့်တော့ မဟုတ်ဘူး ခင်ဗျ။ ဒါ ကျွန်တော်တို့ အဲဒီမှာ အုပ်ချုပ်ရေး ရုံးတွေရှိတယ်။ နောက်ပြီးတော့ ရှေ့တန်း စခန်းငယ် ကလေးတွေ ရှိတယ်။ သူတို့က ပစ်တာတော့ တမင် သက်သက် ရန်စတဲ့ သဘောလို့ ပြောရမှာလား၊ ဒါမှမဟုတ် သူတို့ ရောက်ရှိနေကြောင်း အသိပေးတဲ့ သေနတ် ပစ်ဖောက်တာလား၊ ဒါတော့ မသိဘူးခင်ဗျ။ ပစ်တာတော့ သေချာတယ်။ သူတို့ ခလရ ၁၅ ကပါ။

ဘီဘီစီ။ ။ အစိုးရဘက်က ပစ်တာ သေချာလို့ရှိရင် ကေအိုင်အို ဘက်က တုန့်ပြန်တာ ရှိလား။

ဦးလနန်။ ။ ကျွန်တော်တို့ဘက်က တုန့်ပြန်မှုတော့ မရှိဘူးခင်ဗျ။ အခုက အစိုးရတပ်ရဲ့ လုပ်ဆောင်မှု တွေကတော့ တင်းမာမှုကို အရှိန်က မြှင့်တင်အောင် လုပ်တဲ့ သဘောလို့ ကျွန်တော်တို့ ယူဆတယ်။ ဒါကြောင့်မို့ အဲဒီထဲမှာ ကျွန်တော်တို့ ပြန်ပြီးတော့ ရမ်းပြီးတော့ ပစ်လိုက်မယ်ဆိုရင်၊ အဲဒီတင်းမာမှုဟာ နောက်ဆုံးကျ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ကတော့ အဲဒီ ထိပ်တိုက် ရင်ဆိုင်မှုကို ရှောင်လွဲနိုင်သလောက် ရှောင်ချင်တဲ့ သဘောရှိတယ်။

ဘီဘီစီ။ ။ အခု မြန်မာအစိုးရ တပ်တွေနဲ့ ကေအိုင်အို ထိမ်းချုပ်တယ် ဆိုတဲ့ နေရာနဲ့က တိတိကျကျ ဘယ်သူ ဘယ်နယ် ထိမ်းချုပ်တယ်ဆိုတာမျိုးကော သတ်မှတ်ချက်က ရှိသလား ခင်ဗျ။ နှစ်ဖက် သဘောတူ ထားတာမျိုး ရှိပါလား။

ဦးလနန်။ ။ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေး လုပ်တုန်းကတော့ တပ်နေရာချထားရေး နဲ့ ပတ်သက်ပြီးတော့ နှစ်ဦးနှစ်ဖက် သဘော တူပြီးတော့ ဘယ်နေရာမှာ ဘယ်တပ်ရင်းတွေ ချထားတယ်ဆိုတာ အသိပေး ထားတာရှိတယ်။ ဒီတပ် ဧရိယာရဲ့ ဘယ်လောက် အကွာအဝေး အထိဆိုပြီးတော့ တိတိကျကျ စည်းတားထားတာမျိုး တော့ မရှိဘူး။ အဲဒီကျတော့ ဘယ်ကနေ စည်းကျော်လာရင်တော့ ကျွန်တော်တို့ စည်းကျော်တယ် ဆိုပြီး ပြောဖို့ကတော့ ခပ်ခက်ခက် ဖြစ်တယ်။ ဒါပေမယ့် အခုက အစိုးရ တပ်တွေရဲ့ လှုပ်ရှားမှု တွေကတော့ ကျွန်တော်တို့ ကေအိုင်အေ တပ်တွေရယ်၊ နောက်ပြီးတော့ အုပ်ချုပ်ရေး ရုံးစိုက်ရာ ဒေသတွေရယ်နဲ့ အလွန်ဘဲ နီးကပ် ပြီးတော့ ဝင်လာတယ်ဆိုတော့ ဒါက စိုးရိမ်ရမယ့် အခြေအနေ ရှိလာတယ်။ အဲဒါကြောင့်မို့ အချင်းချင်း သတိထားပြီးတော့ နေကြတာပေါ့။