အစိုးရ တပ်တွေ ရုပ်ဖို့ KIO စာရေး တောင်းဆို

  • 21 မေ 2011
KIA
Image caption KIA ကချင် လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာ အစိုးရ တပ်တွေကြား အခြေအနေ တင်းမာလာနေ

KIO ကချင် လွတ်မြောက်ရေး အဖွဲ့နဲ့ မြန်မာ အစိုးရတပ်တွေအကြား ဆက်ဆံရေးတွေ တင်းမာလာနေချိန်မှာပဲ မြန်မာ အစိုးရ တပ်တွေ ဆုတ်ခွာပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံ KIO က စာတစောင် ရေးသား တောင်းဆို လိုက်ပါ တယ်။

အဓိကက KIA တပ်ရင်း ၅ နားမှာ လှုပ်ရှားနေတဲ့ မြန်မာ အစိုးရတပ်တွေကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး ကချင်ပြည်နယ်တွင်း တခြားနေရာတွေက အစိုးရတပ်တွေ ရုပ်သိမ်းပေးဖို့ တောင်းဆို တာမျိုး မဟုတ်ဘူးလို့ KIO တွဲဖက် အတွင်းရေးမှူး ဦးလနန် က ဘီဘီစီကို ပြောပါတယ်။

အဲဒီစာ ထဲမှာ နောက်ဆုံးထား သတ်မှတ်ထားတဲ့ မေလ၂၅ ရက် နောက်ပိုင်း မြန်မာ အစိုးရတပ်တွေကို ရုပ်သိမ်းခြင်း မပြုရင် ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်စဉ်များ အပေါ် KIO အဖွဲ့ဖက်က တာဝန်ယူမည် မဟုတ်ကြောင်းကိုလည်း ကြိုတင် အသိပေး အကြောင်းကြား အပ်သည်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ အဲဒီရက် ကျော်သွားရင် ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတာမျိုး ရာဇသံ ပို့တာမျိုး တော့ မဟုတ်ဘူးလို့ ဦးလနန်က ပြောပါတယ်။

၂ရက်၊ ၃ရက်အတွင်း အစိုးရတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင် KIA တပ်ရင်း၊ တပ်ဖွဲ့တွေ နေရာတွင်း ဝင်လာတာမျိုးတွေကြောင့် မိုင်းနင်းမိတာမျိုး၊ ပစ်ခတ်တာမျိုးတွေ ရှိနေတဲ့အတွက် ၂ဖက် အကြား အခြေအနေ ဆိုးလာနေတယ်လို့ ပြောလို့ရကြောင်း၊ ဒါကြောင့် နောက်နောင် ဒီလို မဖြစ်အောင် မြန်မာ အစိုးရထံ အခုလို စာပို့ရတာလို့ ဦးလနန်က ပြောပြပါတယ်။

ခုချိန်ထိတော့ မြန်မာ အစိုးရဖက်က အကြောင်းပြန်တာမျိုး မရှိသေးဘူးလို့လည်း ဆိုပါတယ်။

တကယ်ဆိုရင် ဒေသတွင်း အေးချမ်းမှုအတွက် စဉ်းစားတဲ့အနေနဲ့ သူတို့ တောင်းဆိုထားတဲ့ အချက်ကို မြန်မာ အစိုးရအနေနဲ့ လိုက်လျောပေးသင့်တယ်လို့ KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဘီဘီစီကို ပြောပါတယ်။