အစိုးရ​လွှတ်​ပေး​မယ့်​ဆု​ပဲ ရ​စေ​ချင်​တယ်

  • 23 မေ 2011

ယူကေနိုင်ငံက ဖျော်ဖြေရေး အနုပညာရှင် စုစုပေါင်း အဖွဲ့ဝင် ၃၆၀၀၀ ကျော် ရှိတဲ့ သက်တမ်းရင့် Equity အဖွဲ့က မြန်မာနိုင်ငံမှာ ထောင်ကျနေတဲ့ နိုင်ငံကျော် လူရွှင်တော်နဲ့ လူမှု အကျိုးဆောင် ကိုဇာဂနာကို ဂုဏ်ထူးဆောင် ရာသက်ပန် အဖွဲ့ဝင် အဖြစ် မနေ့က အသိအမှတ် ပြုလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရလွှတ်ပေးတဲ့ ဆုပဲ ရဖို့လိုတော့တယ်

ဒီလိုဂုဏ်ပြုမှုဟာ Equity အနေနဲ့ အလွန် ရှားပါးတဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပုံမှန်ဆိုရင် သူ့တို့ ယူနီယံရဲ့ သက်တမ်းရင့် အဖွဲ့ဝင်တွေ ကိုသာ ဒီလို အသိအမှတ် ပြုခဲ့တာဖြစ်ပါတယ်။

အခုလို ယူကေနိုင်ငံက မဟုတ်တဲ့ ကိုဇာဂနာကို သူတို့ရဲ့ နှစ်ပတ်လည် ညီလာခံမှာ အသိအမှတ် ပြုခဲ့တာ ဖြစ်ပြီး ဒီဂုဏ်ပြုပွဲကို ကိုဇာဂနာ ကိုယ်စား တက်ရောက်ခဲ့တဲ့ ပန်းချီထိန်လင်း ကတော့ ကိုယ်စားဆုတွေ ယူနေရတာထက် နောက်တကြိမ်များ ရခဲ့ရင် ကိုဇာဂနာ ကိုယ်တိုင်ကိုသာ ယူစေချင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် အနေနဲ့လည်း ကိုဇာဂနာကို လွှတ်ပေးလိုက် စေချင်တယ်၊ နိုင်ငံတကာက ဆုတွေ အများကြီး ရနေပေမယ့် အစိုးရက လွှတ်ပေးလိုက်တဲ့ လွတ်မြောက်တဲ့ ဆုပဲ ရဖို့ ကျန်တော့တယ်၊ ကိုဇာဂနာ အဲဒီဆုရဖို့ အမြန်ဆုံး မြင်ချင်တယ်လို့ ပန်းချီထိန်လင်း က ပြောပါတယ်။

ဒီ Equity အဖွဲ့ကြီးဟာ ကိုဇာဂနာ လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို စောစောပိုင်းကလည်း လုပ်ဆောင်ခဲ့ဖူးပြီး အခုလို ကိုဇာဂနာက သူတို့ရဲ့ အသင်းဝင် ဖြစ်သွားပြီ ဆိုတော့ ကိုဇာဂနာ လွတ်မြောက်ရေး အတွက် လှုပ်ရှားမှုတွေ ဆက်လုပ် သွားမယ်လို့ Equity ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ Ms. Louise McMullen က ဘီဘီစီကို ပြောပါတယ်။

မကြာခင်မှာ သူတို့အနေနဲ့ ယူကေ နိုင်ငံခြားရေးဝန်ကြီးဌာနကိုရော၊ မြန်မာ အစိုးရဆီကိုပါ စာရေးသားပြီး ကိုဇာဂနာဟာ Equity ရဲ့ အဖွဲ့ဝင် တယောက် ဖြစ်တာမို့ လွှတ်ပေးဖို့ တောင်းဆိုမယ်လို့ သူက ဆိုပါတယ်။

အဖွဲ့ဝင်ချင်း လက်ချင်းတွဲပြီး ကိုဇာဂနာ လွတ်မြောက်ရေး တောင်းဆို တိုက်ပွဲဝင်မယ်၊ တလက်စတည်း မြန်မာနိုင်ငံက တခြားနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ကိုပါ တောင်းဆိုကြမယ်၊

အခုလို ကိုဇာဂနာကို ဂုဏ်ထူးဆောင် ရာသက်ပန် အသင်းဝင်အဖြစ် ဂုဏ်ပြု ချီးမြှင့်ပြီး နောက်မှာ ယူကေ မီဒီယာတွေရော၊ နိုင်ငံတကာ မီဒီယာတွေ ကနေပါ ကိုဇာဂနာ လွတ်မြောက် ရေးကို ဆက်လုပ် သွားမယ်လို့ Equity ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ Ms. Louise McMullen က ပြောဆိုပါတယ်။