နိုင်ငံခြား ငါးဖမ်းခွင့်တွေ လျှော့သင့်

  • 25 မေ 2011
fish ဓာတ်ပုံ မူပိုင် PA
Image caption ငါးမျိုးတုန်းမှာ စိုးရိမ်နေကြ

မြန်မာ့ပင်လယ်ပြင်မှာ နိုင်ငံခြား ငါးဖမ်း သင်္ဘောတွေကြောင့် ငါးမျိုးတွေ လျော့နည်း သွားမှာကို ငါးလုပ်ငန်းရှင် တွေက စိုးရိမ်နေကြပါတယ်။

တရားဝင် ငါးဖမ်းခွင့်ရထားတဲ့ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံခြား ငါးဖမ်း သင်္ဘောတွေ ကြောင့် ငါးသယံဇာတတွေ လျော့နည်းနိုင်သလို တိုင်းရင်းသား လုပ်ငန်းရှင်တွေလည်း ထိခိုက် နစ်နာနိုင်တယ်လို့ ပင်လယ် ငါးဖမ်း အသင်း ဥက္ကဌ ဦးမောင်မောင်စိုးက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံခြား ငါးဖမ်း သင်္ဘောတွေမှာ ခေတ်မှီ ငါးဖမ်း ကိရိယာတွေ ပါတဲ့အတွက် ဒေသခံ တိုင်းရင်းသား ငါးလုပ်ငန်းရှင်တွေအနေနဲ့ မယှဉ်နိုင်ပဲ ဖြစ်ကြရသလို အရမ်းကာရော ငါးဖမ်းမှုတွေကြောင့် ငါးမျိုး တုန်းတဲ့ အန္တရာယ်နဲ့လည်း ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံခြား ငါးဖမ်းခွင့်ကို လျှော့ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

တခါ ဒေသခံ တိုင်းရင်းသား ငါးလုပ်ငန်းရှင်တွေ အနေနဲ့လည်း သတ်မှတ်ထားတဲ့ စည်းမျဉ်း တွေကို လိုက်နာဖို့ လိုကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့လည်း ငါးဖမ်း ပိုက်ကွင်း တွေ၊ ငါးမဖမ်းဆီးရ နယ်မြေတွေ တိတိကျကျ သတ်မှတ်ဖို့ လိုလာပြီ ဖြစ်ကြောင်း ပင်လယ် ငါးဖမ်း အသင်း ဥက္ကဌ ဦးမောင်မောင်စိုးက ပြောပါတယ်။