မြန်မာအစိုးရ လုပ်ပြဖို့ လိုသေးလို့ ကုလ ကိုယ်စားလှယ်ပြော

  • 25 မေ 2011
VJ Nambiar
Image caption အတွင်းရေးမှူးချုပ် နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ နမ်ဘီယား

ပြီးခဲတဲ့ အပတ်က မြန်မာနိုင်ငံကို သွားခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်ရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီယားကို ဘီဘီစီ မြန်မာပိုင်းက မေလ ၂၄ ရက်နေ့က သီးသန့် ဆက်သွယ် မေးမြန်းခွင့် ရခဲ့ပါတယ်။

သူ ပြန်လာပြီးမှ မြန်မာအစိုးရက အကျဉ်းသားတွေ ပြန်လွှတ် ပေးခဲ့ပေမဲ့ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားက နည်းနည်းလေးပဲ ပါလာပါတယ်။

မစ္စတာ နမ်ဘီယားဟာ မြန်မာနိုင်ငံထဲမှာ ရှိတုန်း အစိုးရသစ်ဆီက အားတက် စရာ စကားတွေ ကြားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ဒီတော့ သူ အားတက်စရာ တွေ့ခဲ့ရတယ် ဆိုတာ ဘာပါလဲလို့ ပထမဆုံး မေးကြည့်တော့

ဖြေ။ မြန်မာ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သက်ပြီးသမ္မတရဲ့ လူသိရှင်ကြား ထုတ်ဖော် ပြောခဲ့တဲ့ ကိစ္စ က ကောင်းမွန်တဲ့ အတွက် ဒါတွေဟာ အားတက်စရာ လို့ ကျနော်မြင်ပါတယ်။

သူတို့ပြောင်းလဲမယ်ဆိုတဲ့ အရာ တွေ ကု လသမဂ္ဂ ဘက်က မြင်ထားတဲ့ ဟာတွေ နဲ့လည်း တူညီ သလို မြန်မာပြည်တွင်း လူမှု အသိုင်းအသိုင်း က မြင်ထားတာတွေ နဲ့လည်း ကိုက်ညီနေပါတယ်

နောက် ရွေးကောက်ပွဲပြီး မြန်မာနိုင်ငံမှာ အသစ်ဖြစ်လာတဲ့ အခြေအနေတွေ များပြား နေတာကို လည်း သတိထားမိခဲ့ပါတယ်။

ဖြစ်ပေါ်လာတဲ့ နေရာသစ်တွေ ကို နိုင်ငံရေး အရထင်ရှားသူတွေ၊ တိုင်းရင်းသား ကိုယ်စားလည်တွေ၊ရွေးကောက်ပွဲ ကိုဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ က သူတွေ က နေရာ ရနိုင်ဖို့ ကြိုးစားကြတာတွေကို တိုးတက်မှု အနေနဲ့ တွေ့လာရပါတယ်။

တိုင်းရင်းသား ပါတီတွေက ဆိုရင် နယ်စပ်မှာ တပ်တွေစေလွှတ် တဲ့ ကိစ္စ အပေါ် ဆန့်ကျင် ပြောဆိုလာတဲ့ အထိ ပွင့်လင်း မှုတွေ ကို တွေ့ရပါတယ်။

ဒါပေမယ့် ကျနော်ပြောချင်တာ က မြန်မာ အစိုးရ က ပြောင်းလဲမယ် လို့ ထုတ်ဖော် ကြေညာတာ ပဲရှိ ပါ သေးတယ်။ အခုအချိန် က သတိထားကြည့် ရဦးမှာပါ၊ အစိုးရ က လက်တွေ့လုပ်ဖို့ လိုပါတယ်။

မေး။မစ္စတာ နမ်ဘီးယားက နိုင်ငံရေး အကျဉ်းသား တွေ အားလုံး လွှတ်ပေးဖို့ အစိုးရကို ပြောခဲ့တယ်။ အခု လွတ်လာတဲ့ အကျဉ်းသားထဲမှာ နိုင်ငံရေး အကျဉ်းသမားက သိတ်နည်း နေတာ တွေ့ရပါတယ်။ ဒါက ကုလသမဂ္ဂကို အလေးမထားဘူးလို့ ပြလိုက်ရာ မရောက်ဘူးလား။

ဖြေ။ ကျွန်တော့် အနေ နဲ့ ကတော့ ပွင့်ပွင့်လင်းလင်းပဲ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ မြန်မာအစိုးရ ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် လွတ်လာတဲ့ အရေအတွက် က အများ မှန်းဆ ထားတာထက် အများကြီး နည်း နေပါတယ်။ ဒါဟာ မလုံလောက်ဘူး လို့ ကျွန်တော် မြင်တယ်။ ဒီထက် ပိုတဲ့ လုပ်ဆောင်မှု သူတို့ လုပ်ဖို့ လိုပါတယ်။

မေး။ အခုခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခဲ့ပါတယ်။ သူကကော မြန်မာ့နိုင်ငံရေး အခြေအနေ ကို ဘယ်လိုပြောပါလဲ။ ဒီအပေါ် မူတည်ပြီး အစိုးရနဲ့ ၂ ဘက် ဘုံတူညီနိုင်မယ့် အခြေခံ တွေကော တွေ့ခဲ့ ပါလား။

ဖြေ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကတော့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေ ကို တည်တည်ငြိမ်ငြိမ် နဲ့ ပဲ ကြည့်နေပါတယ်။ သူ့ အနေနဲ့ တိတိပပ ပြောင်းလဲ တာမျိုး မတွေ့ရဘူး လို့ပြောပါတယ်။ အပြောင်းအလဲ တွေ ရှိပေမယ့် ဒါတွေဟာ အပေါ်ယံ အပြောင်းအလဲတွေ လို့ သူမြင်ကြောင်း လည်း ပြောပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂကို အချိန်ပြည့် ကိုယ်စားလှယ် တယောက်ခန့်စေချင်

ဒါပေမယ့် တချိန်တည်းမှာပဲ ဒေါ်စုကော အန်အယ်လ်ဒီ ကကော အခုအစိုးရ အသစ် အပေါ် မကောင်းမြင်တာမျိုး မရှိပါဘူး၊ သူတို့ သတိကြီးစွာထားပါတယ်။

သူတို့ အနေနဲ့ ဒီ အစိုးရသစ်ရဲ့ အာဏာသုံးရပ် စလုံး ကို တပါတီ တည်း ကနေ ကိုင်ထားတာ ဆိုတာ ကို ထောက်ပြပါတယ်။ နောက် အစိုးရ က အပြုသဘောဆောင်တဲ့ ကြေညာချက်တွေ ပြောပြီး နောက်ပိုင်းမှာ အပြုသဘော မဆောင်တဲ့ ဖြစ်ရပ် တွေ ဖြစ်ခဲ့ကြောင်း လည်း သူတို့ က ပြောပါတယ်။

သူတို့ က ပြုပြင်ပြောင်းလဲရေးလုပ်နေပြီ ဆိုတာ ကို ခိုင်မာ တဲ့ သက်သေပြချက် တွေ ကို တွေ့လို ပါတယ်။

နှစ်ဘက်ဘယ်လို ဝန်းကျင်၊ ဘယ်လို အခြေအနေ အောက်မှာ စကားပြောကြဖို့ ဖြစ်လာနိုင်မလဲ ဆိုတာ ကတော့ ပြောရခက်ပါတယ်။

တခု ဖြစ်နိုင်ခေျ ကတော့ အခု အစိုးရသစ် က ခန့်ထားတဲ့ အကြံပေး တွေထဲ မှာ အဆက်အသွယ် ကောင်းတဲ့ သူ တွေ ပါပါတယ်၊ သူတို့ ကနေ တဆင့် ၂ ဘက် စကားပြောကြဖို့ အခြေခံ တခု ဖြစ်ပေါ်လာမလား ပေါ့လေ။ ဒါပေမယ့်လည်း ဒါကလည် တကယ် ဖြစ်မှ ဖြစ်မယ် လို့ ပြောနိုင်မယ့် အနေအထား ပါ။

မေး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကုလသမဂ္ဂ ဘက်က အချိန် ပြည့် လုပ်ပေးမယ့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့် ဖို့ ပန်ကြားထားတာ ရှိတယ်မဟုတ်လား၊ အဲဒီ ကိစ္စ ကကော ခင်ဗျ။

ဖြေ။ ဟုတ်ပါတယ်။ ကျွန်တော့် ကို သူ ပြောတာ ရွေးကောက်ပွဲ ပြီး သွားပြီး မကြာခင် သူပြန်လွတ်လာစ အချိန်မှာ ပါ။

ကျွန်တော် အထွေထွေ အတွင်းရေးမှူးချုပ် ကို တင်ပြထားပါတယ်။ အတွင်းရေးမှူးချုပ်ကလည်း ဒီကိစ္စ ကို အလေးထား ပြီး စဉ်းစားနေပါတယ်။

မေး။မြန်မာ ပြည် ဒီမိုကရေစီ ရေးပြောင်းလဲရေး၊ လူ့အခွင့်အရေး တွေ ကောင်းမွန်တိုးတက်လာရေး အတွက် ကုလသမဂ္ဂ က ဆောင်ရွက်ချက်တွေဟာ လုံလောက်မှု မရှိဘူး လို့ အတော်များများ က ဝေဘန် ကြပါတယ်။ ဒါကို ဘယ်လို ပြောမလဲဗျ။

ဖြေ။ ကုလသမဂ္ဂ အနေနဲ့ ကတော့ မြန်မာပြည်နဲ့ ရေရှည် ထိတွေ့ဆက်ဆံမယ် နောက်ပြီး မြန်မာပြည် အောင်မြင် တာ ကို လိုချင်ပါတယ်။

အစိုးရ ဟာ မြန်မာ့နိုင်ငံရေး နဲ့ ပတ်သက်သူတွေ ဖြစ်တဲ့ ရွေးကောက်ပွဲ ဝင်သူ တွေကော ရွေးကောက်ပွဲ မဝင်သူ တွေ ကော နိုင်ငံရေးထဲ ပါဝင်ခွင့် ပေး အောင်အစိုးရ ကို ဘယ်လို လုပ်ဆောင် ကြမလဲ ဆိုတဲ့ အပေါ် ကြိုက်နှစ်သက် တယ် မကြိုက်ဘူး စသဖြင့် အကျိုးဆက်ဖြစ်လာတာပါ။

ကျွန်တော့် အနေ နဲ့ ကတော့ အစိုးရ အနေနဲ့ ဘာတွေ အားကောင်းကောင်း လုပ်နိုင် မလဲ တွေးဖို့ အားပေးဖို့ လို သလို လုပ်သင့် တဲ့ ဟာတွေ တွေ့ တယ် ဆိုရင်လဲ လုပ်ဖို့ ဘယ်လို ဆွဲဆောင် မလဲ စသဖြင့် လုပ်ကြရင် ကောင်းမယ် လို့ ထင်ပါတယ်။

မြန်မာအစိုးရဖက်ကို လည်း ကုလသမဂ္ဂ နဲ့ ပိုပြီး ပွင့်လင်းပြီး တိုက်ရိုက် ပြောဆိုထိတွေ့ ဆက်ဆံ တာမျိုး ဖြစ်ချင်ပါတယ်။

အစိုးရ အနေနဲ့ သူပြောတဲ့ အတိုင်း မလုပ်ခဲ့ဘူးဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ က ရှုတ်ချ ကြဖို့ လည်း လိုပါတယ်။

မေး။ မြန်မာပြည်နဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂ အနေနဲ့ လာမည့် မဝေးတဲ့ ကာလ မှာ ဘာတွေ ဆောင်ရွက်သွား ဖို့ ရှိပါလဲ ဗျ။

ဖြေ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက်ဆက်လက်ပြီး ဖိအား ပေး ဆောင်ရွက်သွား မှာ ဖြစ်သလို မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး အစီအစဉ် တွေ အတွက် ကုလသမဂ္ဂ အေဂျင်စီ တွေ အခု ပိုပြီး လွတ်လပ် စွာဆောင်ရွက် နိုင်ရေး တွေကို ဆောင်ရွက်သွားမှာပါဗျ။