အစာငတ်ခံ ဆန္ဒပြ အကျဉ်းသားများ စစ်ခွေးတိုက် ပို့ခံရ

Insein Prison
Image caption အင်းစိန်ထောင်တွင်း မှာ ဖြစ်ပျက်မှု အတိအကျကို သိနိုင်ဖို့ တော့ မလွယ်ပါဘူး

အကျဉ်းသား တွေကို ထောင်လက်စွဲ ဥပဒေအတိုင်း ရပိုင်ခွင့်တွေ ပေးဖို့ တောင်းဆိုရင်း ပြီးခဲ့တဲ့ စနေနေ့က စတင်ပြီး အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေအနက် ၆ ဦးထက်မနည်းကို အာဏာပိုင်တွေက စစ်ခွေးတိုက်မှာ တိုက်ပိတ် အပြစ်ပေး ထားတယ်လို့ နိုင်ငံရေး အကျဉ်းသား တွေကို ကူညီနေသူ တွေက ဘီဘီစီကို ပြောပါတယ်။

အဲဒီ တိုက်ပိတ် ခံရသူ တွေအနက် သုံးဦးဟာ ကျန်းမာရေး မကောင်းလို့ သူတို့အတွက် စိုးရိမ်တယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို အကူညီ ပေးနေတဲ့ ကိုအောင်ဇော်ထွန်း က ပြောပါတယ်။

ကျန်တဲ့ အကျဉ်းသား တွေကိုလည်း ထောင်ပြောင်းဖို့ အတွက် စီစဉ် နေတယ်လို့ ထိုင်းအခြေစိုက် AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

မူးယစ်ဆေးဝါးရှာဖို့ အသုံးပြုတဲ့ စစ်ခွေး တွေကိုထားတဲ့ အတွက် စစ်ခွေးတိုက်လို့ခေါ်တဲ့ နေရာကို အပို့ခံရတဲ့ အကျဉ်းသားတွေကို ရိုက်နှက်တာ၊ အစာမကျွေးဘဲ ထားတာ၊ ပုံစံထိုင်ခိုင်းတာစတဲ့ ပုံစံအမျိုးမျိုးနဲ့ နှိပ်စက်လေ့ ရှိတယ်လို့ သူကဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ကို မကျေနပ်တဲ့အတွက် အင်းစိန်ထောင် အမျိုးသမီး ဆောင်က အကျဉ်းသူ ၇ ဦးဟာ မေလ ၁၇ ရက်နေ့ကစပြီး တပတ်ကြာ အစာငတ်ခံ ဆန္ဒပြ ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ မှာတော့ အမျိုးသား ဆောင်က နိုင်ငံရေး အကျဉ်းသား ၂၂ ဦးစုပေါင်း လက်မှတ်ရေးထိုးပြီး သူတို့ကို အကျဉ်းထောင် လက်စွဲ ဥပဒေ အတိုင်း အခွင့် အရေးတွေ ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

အာဏာပိုင် တွေဖက်က ဒါကို မလိုက်လျော တဲ့ အတွက် သူတို့ဟာ စနေနေ့မှာ စတင်ပြီး အစာငတ်ခံ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။