ရှမ်းပါတီက သတ္တုတွင်းလုပ်ငန်းလုပ်ဖို့ စီစဉ်

  • 24 မေ 2011
SNDP

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က သတ္တုတူးဖော်ရေးအပါအဝင် တခြားစီးပွားရေးတွေ လုပ်ဆောင်ဖို့ ထိုင်းနိုင်ငံက ကုမ္ပဏီတချို့နဲ့ ဆွေးနွေးခဲ့ တယ်လို့ ပါတီတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အကျိုးတူ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် မေလ ၂၃ ရက်နေ့မှာ ရန်ကုန်က ကျားဖြူပါတီရုံးချုပ်မှာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ကြတယ်လို့ ပါတီ ဘဏ္ဍာရေးမှူး စောသန်းမြင့်က ပြောပါတယ်။

ထိုင်းနိုင်ငံ ကုမ္ပဏီတွေဘက်က ဒေသခံပြည်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ နည်းပညာအပါအ၀င် အကူအညီတချို့ကို ဆောင်ရွက်ပေးချင်ကြောင်း ကမ်းလှမ်းသလို ရှမ်းပြည်နယ်အတွင်းမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကိုလဲ ဆောင်ရွက်ချင်တယ်လို့ သိရပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ အဲဒီလို လုပ်ဖို့ စိတ်၀င်စားတယ်လို့ စောသန်းမြင့်က ပြောပါတယ်။

ဒုတိယအကြိမ်အဖြစ် ဆက်ပြီး ဆွေးနွေးသွားဖို့ ရှိသလို နှစ်ဘက် သဘောတူညီမှုရတဲ့ အခါမှာတော့ ပြည်နယ်အစိုးရ ဒါမှမဟုတ် ပြည်ထောင်စုအစိုးတွေဆီကို တင်ပြသွားမယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်း လုပ်တဲ့အခါ ပါတီအနေနဲ့ တိုက်ရိုက်ဆောင်ရွက်မှာ မဟုတ်ပဲနဲ့ ပါတီက မူဝါဒကိုသာ ချမှတ်ပေးပြီး ပါတီက ကိုယ်စားလှယ်တစ်ဦးခန့်အပ်ကာ ကုမ္ပဏီနာမည်နဲ့ စီးပွားရေးလုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။