ဒေါ်စုမွေးနေ့ အထိမ်းအမှတ် ဂီတ ပြိုင်ပွဲ

  • 25 မေ 2011
DASSK ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်း စုကြည်ကို ကန်တော့ နေကြပုံ (၁၃၇၃ ခုမြန်မာ နှစ်ဆန်း တစ်ရက်နေ့)

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေက ဂီတပြိုင်ပွဲ တခု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

အခု မွေးနေ့ဟာ ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်က လွတ်မြောက် လာပြီးနောက် ပထမဆုံး ကျင်းပမယ့် မွေးနေ့ပွဲ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ် အားလုံးက တတိုင်းကို ကိုယ်စားလှယ် တယောက် မွေးနေ့ပွဲကို တက်ရောက် ပါဝင်ကြမှာ ဖြစ်သလို ဂီတပြိုင်ပွဲကို ဝါသနာ ပါသူတွေ ပါဝင် ယှဉ်ပြိုင် ဆင်နွှဲ ကြဖို့ ဖိတ်ခေါ်ထား ကြောင်းလည်း ဒီချုပ် လူငယ် ကိုမျိုးညွန့်က ဘီဘီစီကို ပြောပြပါတယ်။

ပြိုင်ပွဲကို အကဲဖြတ်မယ့် ဒိုင်လူကြီးတွေ ကတော့ ဂီတ အတွေ့အကြုံ ရှိသူတွေ ဖြစ်ကြမယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ ကိုယ်တိုင် စန္ဒယား တီးလေ့ ရှိသူဖြစ်ပြီး သူ့အနေနဲ့ ဂီတဖွဲ့ဆို သီကုံးချင်တဲ့ ဆန္ဒရှိတယ်လို့လည်း မကြာခင်တုန်းက ဗြိတိန်နိုင်ငံမှာ ကျင်းပတဲ့ ဘရိုက်တန် ပွဲတော် ကျင်းပသူတွေကို ပြောဆိုခဲ့ဖူးပါတယ်။