မြန်မာပြည် သတင်းလွတ်လပ်ခွင့် နီးလာပြီလား

journal_people ဓာတ်ပုံ မူပိုင် bbc burmese
Image caption စိစစ်ရေးလျှော့ပေးလာမှု ပြည်သူ့ခေတ် က ကြိုဆို

မေလ ရဲ့ နောက်ဆုံးသီတင်းပတ် အတွက် ထုတ်ဝေတဲ့ ပြည်သူ့ခေတ် ဂျာနယ် မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ရေးတာ ကို ခွင့်ပြုလာတယ် ဆိုတော့ သတင်း လွှတ်လပ်ခွင့် နီးလာပြီ လို့ တွက်ဆ ကြတာ တွေလည်း ရှိလာ ပါတယ်။

ပြည်သူ့ခေတ် အယ်ဒီတာ အာဘော် အခန်းမှာ အမှန်တရား ကို ရှုမြင် ရင်ဆိုင်ခြင်း ခေါင်းစဉ် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို အစိုးရ က လွှတ်ပေးသင့်ကြောင်း တိုက်တွန်း တဲ့ အမြင်နဲ့ ရေးသား ထား တာ ကို စိစစ်ရေး က ပုံနှိပ် ထုတ်ဝေခွင့် ပြုလိုက်တဲ့ အတွက် ပြည်သူ့ခေတ် ဂျာနယ် က ကြိုဆို တဲ့ အကြောင်း အဲဒီဂျာနယ် ရဲ့ တာဝန်ခံ အယ်ဒီတာ မောင်ဝံသ က ဘီဘီစီ ကို ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားလုံး အစား အကျဉ်းသား လို့ ပဲ သုံးစွဲရေးသား ထား ပေမယ့် အနှစ်သာရ သဘော ကတော့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ အရေးကိစ္စ ကို ရည်ညွှန်း ရေးသား ထားကြောင်း ပေါ်လွင် ပါတယ်။

တိုင်းပြည် ထူထောင်ရေး တွင် ပါဝင် ဆောင်ရွက်လိုသော စေတနာရှိသူများ၊ တိုင်းပြည် ထူထောင်ရေး တွင် ပါဝင်ဆောင်ရွက် နိုင်သော အရည်အချင်း ရှိသူများ အများ အပြား အကျဉ်းထောင်တွင်း မှာ ရှိနေကြသည်။ ထိုသူတွေ ထောင်ထဲမှာ ရှိနေခြင်း သည် တိုင်းပြည် အတွက် နစ်နာ သည်။ ထို့ကြောင့် အကျဉ်းကျ နေသော တိုင်းချစ် ပြည်ချစ် စိတ် ရှိသည့်၊ နိုင်ငံရေးစိတ် ရှိသည့် အရည်အချင်း လည်းရှိသည့် အကျဉ်းကျ နေသူများ တိုင်းပြည် ထူထောင်ရေး လုပ်ငန်းများမှာ၊ နိုင်ငံရေး စီးပွားရေး လူမှုရေး ကဏ္ဍ အသီးသီး မှာ ပါဝင်ကြဖို့ လိုသည်။ သူတို့ ကို ပါဝင်ခွင့် ပေးရမည် စသဖြင့် ပြည်သူ့ခေတ် ရဲ့ အယ်ဒီတာ အာဘော် မှာ ရေးသား ထားပါတယ်။

ဂျာနယ် ရဲ့ တာဝန်ခံ အယ်ဒီတာ မောင်ဝံသ က သမ္မတ ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ရောက်နေပြီ လို့ ပြောဆိုခဲ့သည့် အချိန် မှ စလို့ စိစစ်ရေး ဘုတ် အဖွဲ့ က လျော့ပေါ့ ပေးလာတာ တွေကို တွေ့ရတဲ့ အတွက် သမ္မတ ကချမှတ် ပေးလိုက် တဲ့ လမ်းညွှန်ချက် အတိုင်း မူ အရ စိစစ်ရေး က လိုက်ပါဆောင်ရွက် နေတာ လို့ သူ ယုံကြည် ကြောင်း ပြောပါတယ်။

စစ်အစိုးရ က ပုဂ္ဂိုလ် တွေ အရပ်သားအစိုးရ ပုံသဏ္ဍာန် အသစ် နဲ့ ပြောင်းလဲ ခါစမို့ အပေါ်ယံ ပြောင်းလဲမှုတွေ လုပ်နေတာ လို့ လည်း အစိုးရသစ် ရဲ့ လုပ်ဆောင်ချက် တွေ အပေါ် သံသယ ရှိ သူတွေ လည်း အများ အပြား ရှိနေ ပါတယ်။

အယ်ဒီတာ မောင်ဝံသ ကတော့ သူတို့ အနေနဲ့ လွတ်လပ်စွာ ရေးသား ဖော်ပြခွင့် ရဖို့ ဆန္ဒရှိပြီး အခုလို စိစစ်ရေး လွှတ်ပေး လာမှု အပေါ် ကြိုဆိုတယ်၊ နောင်ကို လည်း စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အဝ ရဖို့ မျှော်လင့် တယ် လို့ ပြောပါတယ်။