ရခိုင်​တွေ မိသား​စု​လိုက် ပြောင်း​ရွှေ့

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် တိုက်ခတ်ခဲ့တဲ့ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ် အပါအဝင် လူမှုဒုက္ခတွေကြောင့် မင်းပြားနဲ့ မြေပုံမြို့ ကျေးရွာတွေက ပြည်သူတွေဟာ ရွာလုံးကျွတ်လိုက် နေရပ်ရင်းကို စွန့်ခွာ သွားကြတယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။

Image caption ဂီရိမုန်တိုင်းဒဏ်ကြောင့် ရခိုင်ကျေးရွာတွေ အများကြီးပျက်စီးသွားခဲ့ပါတယ်

မင်းပြားနဲ့ မြေပုံ ကျေးရွာတွေက ကလေးတွေအပါအဝင် မိသားစုလိုက် လူတွေစုပြီး ယုဇန ကုမ္ပဏီက ပိုင်တဲ့ တနင်္သာရီတိုင်းက ဆီအုန်းခြံတွေနဲ့ ကချင်ပြည်နယ် တနိုင်းက စိုက်ခင်းတွေမှာ အလုပ်လုပ်ဖို့ သွားကြတာလို့ မင်းပြး ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေဟာ ကိုယ့်ဇာတိ ရပ်ရွာက ချောင်းမြောင်းတွေမှာ လုပ်ကိုင် စားသောက်လို့ မရဘူး၊ တောင်ပေါ်တက်ပြီးလည်း အလုပ်လုပ်လို့ မရဘူး၊ ဒီလိုတွေ ဖြစ်နေတာ ဆယ်စုနှစ်နဲ့ ချီနေပြီလို့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးလှစိုးက ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေ လုပ်စားကိုင်စားလို့ မရအောင် မတော်မတရားနည်းနဲ့ လက်ဝါးကြီး အုပ်ထားလို့ အခုလို ဖြစ်တာ၊ ရေရှည်ဘဝ ရပ်တည်ရေးအတွက် ဒေသခံတွေ ပြောင်းရွှေ့ ကုန်တာပဲလို့ ဦးလှစိုးက သုံးသပ်ပါတယ်။

ဒီလို မတော်မတရား လုပ်တာတွေ ရပ်သွားမှ၊ ခေျာင်းမြောင်း တောတောင်တွေကို လက်ဝါကြီးအုပ်တာတွေ မလုပ်ကြမှသာ ဒေသခံတွေလည်း ကိုယ့်ရပ်ကိုယ့်ရွာမှာ လုပ်ကိုင်စားသောက်နိုင်မယ်လို့ သူက ဆိုပါတယ်။

ဒေသအာဏာပိုင်တွေကတော့ အခုလို ရွာလုံးကျွတ် ပြောင်းရွှေ့နေကြတာတွေနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ဖော် ပြောကြားတာမျိုးတော့ မရှိပါဘူး။