၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် အန်အယ်ဒီ ကျင်းပ

  • 27 မေ 2011
Aung San Suu Kyi ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည် က ယုံကြည်ချက်ကို ခိုင်ခိုင် မာမာ စွဲကိုင်ဖို့ တိုက်တွန်းခဲ့

၁၉၉၀ ရွေးကောက် ပွဲ နဲ့ ပတ်သက် ပြီး နဝတ အစိုးရ က ပြည်သူ ကို ပေးခဲ့ တဲ့ ကတိ ကို ချေဖျက် ခဲ့တာ ဟာ မလုပ်အပ် မလုပ်ကောင်း တဲ့ ကိစ္စ ဖြစ်ပြီး လူထုကို မလေးစား တာ ဖြစ်တယ် လို့ ဒေါ် အောင် ဆန်း စုကြည် က ပြောလိုက် ပါတယ်။

ရွေးကောက်ပွဲ ကျင်းပရုံ နဲ့ ဒီမိုကရေစီ စံနစ်လို့ မခေါ်နိုင်ဘူးလို့လည်း သူက ပြောခဲ့ပြီး တရား ဥပဒေ စိုးမိုး မှု ရှိမှ ဒီမို ကရေ စီ လမ်းကြောင်း ပေါ် သွားလို့ ရမယ်လို့လည်း ထောက် ပြ ပြောဆို ခဲ့ ပါတယ်။

နိုင်ငံရေး အကျဉ်းသား တွေကို တရားဥပဒေ နဲ့အညီ စစ်ဆေး အရေးယူ တာမျိုး မလုပ်ဘဲ ထောင်ချ တာဟာ တရားဥပဒေ စိုးမိုးမှုမရှိတာကို ပြတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဥပမာ ပေးခဲ့ပါတယ်။

အန်အယ်ဒီ ရုံးချုပ်မှာ သောကြာနေ့က ကျင်းပခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ တဲ့ ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား မှာ သူကပြောခဲ့တာပါ။

ဒါဟာ ပြီးခဲ့ နိုဝင်ဘာလ နေအိမ် အကျယ်ချုပ် ကနေ ပြန်လွတ်လာပြီးတဲ့ နောက်ပိုင်း အစိုးရ အပေါ် အပြင်းထန်ဆုံး ဝေဖန် ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းထောင် တွေကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား တွေကိုလည်း ကြိုဆိုရင်း ကိုယ့်ယုံကြည်ချက် အတိုင်း ခိုင်ခိုင်မာမာ စွဲကိုင်ပြီး ဆက်လက် အလုပ်လုပ်ကြဖို့ တိုက်တွန်း သွားပါတယ်။

ဓာတ်ပုံ မူပိုင် AFP Getty
Image caption ရွေးကောက်ပွဲ နှစ်ပတ်လည်ကို လူငယ် အများအပြား လည်း တက်ရောက်ခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦး ကလည်း နိုင်ငံရေး လုပ်တဲ့ တချို့ မိသားစုတွေမှာ လူသုံးလေးဦး အထိ ထောင်ကျခံနေ ရတာတွေ ရှိနေပြီး အစိုးရ အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အခါ သတ္တိရှိရှိ ဆုံးဖြတ်ပြီး နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောင်ပြောင်တင်းတင်း ဝေဖန် ပြောဆိုတာဟာ မြန်မာပြည် အခြေအနေ တိုးတက်မှု မရှိတဲ့ အပေါ် စိတ်လက်မရှည် တာကို ဖော်ပြတာ ဖြစ်သလို အစိုးရက သူ့ကိုဘယ်လောက် လွတ်လွတ် လပ်လပ် လှုပ်ရှားခွင့် ပေးမလဲ ဆိုတာကို စမ်းသပ် လိုက်တာလည်း ဖြစ်တယ်လို့ ပြောနိုင်ကြောင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ် ရဲ့ ဌာနမှူး ဒေါ်တင်ထားဆွေက သုံးသပ်ပါတယ်။

မြန်မာ အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို အသေးစိတ် လေ့လာပြီး အန်အယ်ဒီ ကိုရှေ့ဆက် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ စဉ်းစား လိမ့်မယ်လို့ သူက ခန့်မှန်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်ကာလ အတွင်း ရန်ကုန်မြို့ ပြင်ပကို ထွက်ဖို့ အစီအစဉ် ရှိတယ်လို့ အန်အယ်ဒီ ပါတီက ပြောပေမယ့် အစီအစဉ် အသေးစိတ် နဲ့ ရက်အတိအကျ ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိ သေးပါဘူး။