မြန်မာ​စစ်​တပ် စစ်​ရာဇဝတ်မှု ကျူးလွန်​လို့ KNU ဆို

  • 27 မေ 2011

မြန်မာစစ်တပ်က မကြာခင်ကာလကပဲ ကရင်တိုင်းရင်းသားတွေကို အကာအကွယ် ယူပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ခဲ့လို့ ဒါဟာ စစ်ရာဇဝတ်မှု မြောက်တာမို့ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်နိုင်ဖို့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ကူညီပါလို့ ကရင်အမျိုးသား အစည်းအရုံး KNU က တောင်းဆိုလိုက်ပါတယ်။

Image caption ကရင်အမျိုးသားအစည်းအရုံး KNU စစ်သားတွေ

မကြာခင်ကပဲ မြန်မာစစ်တပ်က ကရင်လူမျိုး ၂၀၀ ကျော်ကို ပေါ်တာ ထမ်းခိုင်းခဲ့တယ်၊ ရွာသားတွေဟာ ရိက္ခာပို့တဲ့ ကားပေါ်ပါပြီး အဲဒီကား မိုင်းထိတဲ့ အခါမှာ ဖြစ်ဖြစ်၊ ပစ္စည်း ထမ်းခိုင်းတဲ့ အခါမှာ မိုင်းထိလို့ ဖြစ်ဖြစ် ထိခိုက် ဒဏ်ရာတွေ ရကြတယ်လို့ KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဘီဘီစီကို ပြောပါတယ်။

အရင်က မိုင်းထိတဲ့ ကရင်တွေ KNU ကို ရောက်လာလို့ ဆေးကုပေးပြီး မီဒီယာတွေကနေ ထုတ်ပြောနေလို့ အခုနောက်ပိုင်း မိုင်းထိတဲ့အခါ မြန်မာစစ်တပ်ကပဲ ပြန်ကု ပေးနေတယ်လို့ သူက ဆိုပါတယ်။

KNU ကော၊ မြန်မာစစ်တပ်ပါ ဂျီနီဗာ ကြေညာချက်ကို မလိုက်နာဘဲ မိုင်းတွေ သုံးနေတုန်း ဖြစ်ပြီး၊ သူတို့ကတော့ မြန်မာစစ်တပ်နဲ့ စာရင် တပ်အင်အား နည်းသလို သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ လူထုနဲ့ ညှိပြီး မိုင်းကို သုံးတယ်၊ အခု လူထုထိတာ များတော့ လျှော့သုံးတာ၊ မသုံးဘဲ နေတာတောင် ရှိနေပါတယ်လို့ စောလှငွေက ပြောပါတယ်။

စုံစမ်းရေးကော်မရှင်က နှစ်ဘက်စလုံးကို စစ်မယ်ဆိုလည်း လက်ခံတဲ့အကြောင်းနဲ့ သူတို့ဟာ မိုင်းကို သုံးချင်လို့ သုံးတာ မဟုတ်ဘူး၊ KNU ကိုယ်တိုင်လည်း မိုင်းကြောင့် မျက်စိကန်း၊ ခြေထောက်ပြတ် တာတွေ ကြုံရတယ်၊ အသက်ရှင်သန်မှုအတွက် ရွေးချယ်စရာ မရှိလို့ သုံးရတာပါလို့ ဗိုလ်မှူး စောလှငွေက ဘီဘီစီကို ပြောပါတယ်။