ကြံ့ခိုင်ရေး ပါတီ အရာရှိတွေ နုတ်ထွက်

  • 27 မေ 2011

ပြည်ထောင်စု ကြံ့ခိုင် ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်ကို ရန်ကုန်ကနေ နေပြည်တော်ကို ပြောင်းသွားပြီး နောက် အဆင့်မြင့် အရာရှိတွေ နှုတ်ထွက်မှု ရှိခဲ့ ပါတယ်။

Image caption ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အဆင့်မြင့် တာဝန်ခံ တွေ နုတ်ထွက်

နုတ်ထွက်သွားခဲ့ကြသူတွေကတော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်မှူး သူရ ဦးမြင့်ဦးနဲ့ စီမံ ရေးရာ ဌာနမှူး ဦးအုန်းဟန်တို့ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ဟာ ပါတီ ဝန်ထမ်းတွေ ထဲမှာ အဆင့် အမြင့်ဆုံး တာဝန်ရှိသူတွေ ဖြစ်ပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီရဲ့ ကိုယ်စား နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

သူတို့က ကျန်မာရေးအကြောင်းပြချက်နဲ့ နုတ်ထွက်တယ်လို့ ပြောကြပါတယ်။

ပါတီတွင်းမှာ စိတ်ကသိ ကအောက် ဖြစ်စရာတွေ များလာလို့ နုတ်ထွက်တာ ဖြစ်တယ်လို့ ပါတီ တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ရုံးချုပ်ကို ရန်ကုန် ကနေ နေပြည်တော် ပြောင်းသွားတာ၊ လူမှုရေး အသင်းကနေ ပါတီ အဖြစ် ပြောင်း လိုက်လို့ ဆက်မလုပ်ချင်တာနဲ့ အရင် အစိုးရ ဝန်ကြီး ဟောင်းတွေက နေပြည်တော် ရုံးချုပ်မှာ နေ့တိုင်း ရုံးတက် လာပြီး ဖိအား ပေးတာတွေ ကြောင့် သူတို့ နုတ်ထွက်ခဲ့ကြတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ရတဲ့ လစာ ကျပ်ငွေ တစ်သိန်းခွဲ လောက်မို့ လုံလောက်မှုမရှိတဲ့ အပြင် ရန်ကုန်မှာ မိသားစုကို ခွဲထား ရစ်ခဲ့ရတာ တွေကြောင့် အဆင် မပြေ ကြဘူးလို့ ပါတီ တာဝန်ရှိသူက ပြောပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီမှာ စီမံရေးရာ၊ စီးပွားရေးရာ၊ ပညာရေးရာ၊ စည်းရုံး ရေးရာ၊ ပြည်သူ့ ဆက်ဆံ ရေးရာ တို့နဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။