ဆီးနိတ်အမတ် John McCain မြန်မာနိုင်ငံကို သွားမယ်။

John McCain
Image caption John McCain ဟာ မြန်မာ့ ဒီမိုကရေစီရေး အတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူဖြစ်

အမေရိကန်နိုင်ငံ ရီပတ်ပလီကန် ပါတီရဲ့ ဆီးနိတ် လွှတ်တော်အမတ် John McCain ဟာ လာမဲ့ သီတင်းပတ်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ရော၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ပါ တွေ့ဆုံမယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဘီဘီစီ ကို ပြောပါတယ်။

John McCain ဟာ စစ်တပ်မှာ တာဝန် ထမ်းဆောင် ခဲ့ဖူးသူလည်းဖြစ် ၊ နိုင်ငံရေး လောကမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ် တဦးလည်း ဖြစ်တာမို့ ဒီလို ပုဂ္ဂိုလ်မျိုးက မြန်မာ့ နိုင်ငံရေးမှာ စိတ်ဝင်စားတာကို NLD အနေနဲ့ ကြိုဆိုတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

မကြာသေးခင်ကလည်း အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အစိုးရအဖွဲ့သစ်နဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD အပါအဝင် အတိုက်အခံ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

John McCain ဟာ အတိုက်အခံ ရီပတ်ပလီကန် ပါတီဝင် ဖြစ်တဲ့အတွက် လက်ရှိ အစိုးရ ဝန်ကြီး Joseph Yun နဲ့ မြန်မာ့နိုင်ငံရေးအပေါ် ချဉ်းကပ်ပုံချင်း တူနိုင်စရာ မရှိပေမဲ့ တူနိုင်အောင် ကြိုးစားမဲ့ သဘောမျိုး ရှိတယ်လို့ ယူဆရကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

John McCain ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် ထားတဲ့ အမေရိကန် အစိုးရရဲ့ ပေါ်လစီနဲ့ ပတ်သက်လို့ နည်းလမ်းသစ် ရှာဖို့ထက် နည်းလမ်းဟောင်းကို အကျိုးရှိစွာ ဆောင်ရွက်နိုင်ဖို့ လာတာလို့ ယူဆရကြောင်း ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

John McCain ဟာ ၂၀၀၈ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ Barack Obama နဲ့ ယှဉ်ပြိုင် အရွေးခံခဲ့သူ ဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ရရေးအတွက် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။