တရုတ် နိုင်ငံ မိုးခေါင် ရေရှားမှု

  • 29 မေ 2011
China Drought ဓာတ်ပုံ မူပိုင်
Image caption နှစ်ငါးဆယ် အတွင်း အဆိုးဆုံး မိုးခေါင် ရေရှားမှု

တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါး ဆုံး မိုးခေါင်ရေရှားမှုဒဏ်ကို တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ပြည်နယ်တွေက လူပေါင်း ၃၅ သန်းနီးပါး ခံစား နေကြရတယ်လို့ တရုတ် အစိုးရက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပါတ်အနည်းငယ်ကာလ အထိ မိုးခေါင်ရေရှားမှု ဆက်လက် ဖြစ်ပေါ်နေတဲ့ အတွက် စိုးရိမ်ပူပန်မှု ပိုမို ဖြစ်ပေါ်နေတယ်လို့ တရုတ်အစိုးရက ဆိုပါတယ်။ သောက်ရေ ရှားပါး နေပြီး လယ်သမားတွေဟာလည်း လယ်ကွက်တွေ ခြောက်သွေ့ကွဲအက်နေတဲ့ အတွက် ဘာမှ မလုပ်နိုင်ပဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

စားသောက်ကုန် စျေးနှုန်းတွေကလည်း မြန်မြန်ဆန်ဆန် တက်နေတဲ့ အပြင် နောက်ထပ် ဆက်တက်ဦးမယ့် အလားအလာရှိနေပါတယ်။ ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံတွေ ဟာလည်း ရေအားနည်းပါးတဲ့ အတွက် လျှပ်စစ်ဓါတ်အား အလုံ အလောက် ထုတ်မပေး နိုင်လို့ အခြေအနေ ပိုမိုဆိုးဝါးစေပါတယ်။

ဒီမိုးခေါင်ရေရှားမှုဟာ နှစ်ပေါင်း ၅၀ လောက်အတွင်းမှာ အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှု ဖြစ်ပြီး ယန်ဇီမြစ်ဝှမ်းတလျောက်ဒေသတွေမှာပါ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာ ပုံမှန်မိုးရွာသွန်းမှုထက် တဝက်လောက် လျော့ကျနေတဲ့ အတွက်ရှိုမြောင်သုံးသွယ် ရေကာတာကနေ ရေပေးထားတဲ့ တာတမံ များစွာကနေ ရေလွှတ်ပေးနေရတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ရှိုမြောင်သုံးသွယ်ရေကာတာ ကိုယ်တိုင်သည်ပင် မိုးခေါင်ရေရှားမှုကို ဖြစ်စေတဲ့ အရင်းခံ အကြောင်းတရားဖြစ်တယ် လို့လည်း တချို့က ပြစ်တင် ပြောဆိုနေကြပါတယ်။

ရှိုမြောင်သုံးသွယ်ရေကာတာကြောင့် မြစ်ရေပမာဏကို ယုတ်လျော့စေတယ်လို့ အစိုးရက ဝန်ခံပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ရေကာတာတွေထဲက ရေကိုပဲ ပြန်ပြီး အားထားနေရတဲ့ အခြေအနေရှိပါတယ်။