ပျောက်ဆုံး တံငါသည်များ အတွက် လုပ်ခ မရသေး

  • 29 မေ 2011
fisherman ဓာတ်ပုံ မူပိုင် AFP
Image caption ဧရာဝတီတိုင်းက မုန်တိုင်းမိပြီး ပြန်ရောက်လာတဲ့ တံငါသည်များ

မတ်လ မုန်တိုင်း ကျတုန်းက ပင်လယ်ထဲ မျောပါ ပျောက်ဆုံး သွားတဲ့ ဧရာဝတီ တိုင်းက ရေလုပ်သား တွေရဲ့ လုပ်ခကို အလုပ်ရှင်တွေက ခုထိ မရှင်း ပေးသေး ဘူးလို့ ကျန်ရစ်သူ မိသားစုတွေက ဘီဘီစီကို ပြောပြပါတယ်။

ဝါးဖောင်စီး ရေလုပ်သားတွေ ပင်လယ်ထဲထွက် တုန်း မုန်တိုင်း မိရာမှာ ရာနဲ့ချီ ပေျာက်ဆုံး နေဆဲ ဖြစ်ပါတယ်။

ဒီဝါးဖောင်စီး ရေလုပ်သားတွေရဲ့ မိသားစုဝင်တွေက ရေလုပ်သားတွေရဲ့ အလုပ်ရှင်တွေဆီ သွားပြီး လုပ်ခ ရှင်းပေးဖို့ သွားပြောရာမှာ သေဆုံးသူ ရှိရင်တောင် သဘာဝ ဘေးအန္တရယ်နဲ့ သေဆုံးတာမို့ လျော်ကြေး မပေးနိုင်ဘူးလို့ အလုပ်ရှင်တွေက ပြောတယ်လို့ ကာယံကံရှင် တွေက ဘီဘီစီကို ပြောပြပါတယ်။

လခ မရတဲ့ အတွက် မိသားစုတွေ စားဝတ်နေရေး၊ သားသမီး ကျောင်းပညာရေး အတွက် အခက်အခဲ အကြီးအကျယ် ကြုံနေရတယ်လို့လည်း ပြောကြပါတယ်။

အချိန်အခါ မဟုတ်ဘဲ တိုက်ခဲ့တဲ့ မုန်တိုင်းကြောင့် မတ်လကုန် ကတည်းက ပင်လယ်ပြင်မှာ ပျောက်ဆုံး နေတဲ့ ရေလုပ်သား ၅၀၀ လောက် ရှိနေပြီး သူတို့ရဲ့ မိသားစုတွေက ဒီအချိန်မှာ သူတို့ကို အသက်ရှင်လျက် ပြန်တွေ့ ရဖို့ မျှော်လင့်ချက် နည်းနေပြီလို့ ယူဆ ထားတာပါ။

ဒါကြောင့် အဲဒီ ရေလုပ်သားတွေ အလုပ် လုပ်ခဲ့တဲ့ လုပ်ငန်းရှင်တွေ ဆီကနေ မုန်တိုင်း မတိုင်ခင်က အလုပ် လုပ်ခဲ့တဲ့ လုပ်အားခတွေပေးဖို့ မိသားစုဝင်တွေက တောင်းခံတဲ့အခါ အလုပ်ရှင်တွေက ဒီအလုပ်သမားတွေ အတွက် လျော်ကြေး ပေးဖို့ထားလို့ သူတို့ရဲ့လုပ်အားခ အတွက်တောင် တာဝန် မယူကြဘူးလို့ ရေလုပ်သား မိသားစုတွေက ပြောပါတယ်။

အခုလို အလုပ်ရှင်တွေက တာဝန် မယူဘဲ နေလို့ရနေတဲ့ အကြောင်း တခုက မုန်တိုင်းဒဏ် သင့်ခဲ့တဲ့ ဖျာပုံ အနီးတဝိုက် ပင်လယ်ပိုင်း ဒေသတွေမှာ ရေလုပ်ငန်း ပိုင်ရှင်တွေက အစိုးရ ဆီမှာ တရားဝင် တင်ပြထားတဲ့ စာရင်းဇယားထက် ပိုပြီး တရားမဝင် တိုးချဲ့ လုပ်ကိုင် တာတွေကြောင့် ဖြစ်တယ်လို့၊ မုန်တိုင်းဖြစ်တဲ့ ဒေသကို သွားရောက်ပြီး ရေလုပ်သားတွေ အတွက် ကူညီ ဆောင်ရွက် ပေးခဲ့သူ တဦးက ပြောပါတယ်။

အခု အချိန်မှာတော့ မတ်လ ကုန်ပိုင်းမှာ ပျောက်ဆုံးနေသူ ရေလုပ်သားတွေထဲက ၁၀၀ ကျော်ကို အိန္ဒိယနဲ့ သီရီလင်္ကာ နိုင်ငံတွေနားက ရေပြင်မှာ ပြန်လည် ရှာတွေ့ ခဲ့ပေမယ့် သူတို့ အိမ်ပြန်ရောက်တဲ့ အထိ အစိုးရက မဆောင်ရွက်ပေး နိုင်သေးပါဘူး။

ဖျာပုံ အနီးတဝိုက်က ကျေးရွာတွေမှာလည်း ပျောက်ဆုံးနေတဲ့ ရေလုပ်သားတွေရဲ့ စာရင်း ဇယားတွေ ပြုစုနေတယ် ဆိုတာကလွဲလို့ သူတို့ရဲ့မိသားစုတွေ အတွက်လည်း အလုပ်ရှင်က ထိုက်သင့်တဲ့ လုပ်အားခနဲ့ လျော်ကြေး ပေးအောင် ဘယ်သူမှ ကူညီ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။