သုံးခွမြို့မှာ ဥပဒေ ပညာပေး သင်တန်း ဖွင့်

  • 29 မေ 2011
lawtraining ဓာတ်ပုံ မူပိုင် bbc
Image caption သုံးခွနဲ့ တခြားမြို့က ရှေ့နေတွေ လာရောက် သင်တန်း ပို့ချ

ရန်ကုန်တိုင်း သုံးခွမြို့မှာ လူမှုရေး အကူအညီ ပေးနေသူတွေနဲ့ NLD လူမှုရေး အဖွဲ့တို့ ပူးပေါင်းပြီး စနေနေ့က စလို့ ဥပဒေ ပညာပေး သင်တန်း တခု ဖွင့်လှစ်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်တွင်းက သုံးခွမြို့ သင်္ကြန် မဏ္ဍပ် မှာ ရေပက်ရင်း ရန်ဖြစ်တာကို ဝင်ဖျန်ဖြေတဲ့ လူငယ်တဦး မဆီမဆိုင် အထိန်းသိမ်း ခံခဲ့ရတဲ့ ဖြစ်ရပ်ကို ကြည့်ရင် ဥပဒေ နားမလည်တဲ့ အတွက် ဖြေရှင်းခွင့် မရခဲ့ တာကို တွေ့ရ ကြောင်း၊ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ဥပဒေ ပညာရပ်ကို နားလည်ရင် လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကနေ လွတ်မြောက် နိုင်မယ်လို့ ယူဆမိတဲ့အတွက် အခုလို တရား ဥပဒေ အထွေထွေ ဗဟုသုတ သင်တန်း ဖွင့်ဖို့ စီစဉ်ခဲ့ကြတာလို့ သုံးခွမြို့က လူမှုရေး အကူအညီ ပေးရေး ဆောင်ရွက်နေသူ ဦးတင်လှက ဘီဘီစီကို ပြောပါတယ်။

ဒီသင်တန်းကို ခရမ်း၊ သုံးခွနဲ့ သံလျင်မြို့တွေက ရှေ့နေတွေ လာရောက် သင်ကြား ပို့ချ ပေးမှာ ဖြစ်ပြီး သင်တန်းကာလ ၃လ ကြာမယ်လို့ သိရပါတယ်။

ဒီသင်တန်းမှာ လယ်ယာ ဥပဒေ၊ ပြစ်မှု ဥပဒေနဲ့ အထူးဥပဒေတွေ အကြောင်း သင်ကြား ပို့ချပေးမှာ ဖြစ်ပြီး သင်တန်းသား ၃၁ယောက် တက်ရောက်မယ်လို့ ဆိုပါတယ်။

စနေနေ့ သင်တန်းဖွင့်ပွဲကို အာဏာပိုင်တွေက စောင့်ကြည့်ခဲ့ကြပေမဲ့ အနှောင့်အယှက် ပေးတာမျိုးတော့ မရှိခဲ့ဘူးလို့ ဦးတင်လှက ပြောပါတယ်။

ဒီသင်တန်းဟာ ဆူပူ လှုံ့ဆော်ဖို့ မဟုတ်သလို အသင်းအပင်း ဖွဲ့စည်းဖို့လည်း မဟုတ်တဲ့ အတွက် သင်တန်းလာတက်သူတွေအနေနဲ့ မကြောက်မရွံ့ လာတက်ကြတာ တွေ့ရကြောင်း၊ ဒီလို သင်တန်းမျိုးတွေကို တခြား မြို့နယ်တွေမှာလည်း ထပ်ဖွင့်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း ဦးတင်လှက ဘီဘီစီကို ပြောပါတယ်။