ဒီပဲယင်းကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူ

  • 30 မေ 2011

ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုလို့ခေါ်ကြတဲ့ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ပြစ်မှုကျူးလွန် သူတွေကို စုံစမ်းဖော်ထုတ်ပြီး အသက်သေ၊ ဒဏ်ရာရ စတဲ့ နစ်နာဆုံးရှုံး ခဲ့ရတဲ့ သူတွေအတွက် ကျေနပ်အောင် တောင်းပန်မှုတွေ လုပ်ရမယ်လို့ ဒီပဲယင်း ဖြစ်စဉ်မှာ ကံကောင်းလို့ အသက်မသေ ကျန်ရစ်ခဲ့သူတဦးက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP Getty
Image caption ဒီပဲယင်းလုပ်ကြံမှုကနေ လွတ်မြောက်ခဲ့သူ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ကိုယ့်လူမျိုးချင်းသတ်ဖြတ်မှုတွေ နောင်မဖြစ် အောင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ အစိုးရ တာဝန်ရှိသူ ဆွေးနွေး ရမယ်၊ တခါတည်း တိုင်းပြည် ဖွံ့ဖြိုး တိုးတက် အောင် ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ဒီပဲယင်း ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၊ မန္တလေး လူငယ် လုပ်ငန်း အဖွဲ့က လက်ရှိ အမေရိကန် ပြည်ထောင်စု ဖို့ဝိန်းမြို့မှာ ရောက်နေတဲ့ ကိုမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီရဲ့ နယ်စည်းရုံးရေး ခရီးစဉ်တခုအတွင်းမှာ ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် နေ့က ဒီပဲယင်းရပ်၊ ကျီရွာ အရောက်မှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးလို့ အများက စွပ်စွဲကြတဲ့ မသမာသူ တစုက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေ၊ နောက်လိုက် လူငယ်တွေနဲ့ NLD ကို အားပေး ထောက်ခံသူ ဒေသခံ ရွာသားတွေကို ပိတ်ဆို့ ရိုက်နှက် လုပ်ကြံ့ သတ်ဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

ကျီရွာမှာ တရားဟောဖို့ ဒေသခံ ဘုန်းကြီးနဲ့ ရွာသားတွေက တောင်းဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အချိန်လင့်နေလို့ မဟောလိုတော့ကြောင်း ပြောဆို ညှိနှိုင်းနေတုန်းမှာပဲ ကားတန်းကြီး ရောက်လာပြီး ပိတ်ဆို့လို့ မီးတွေထိုးပြီး ကားတွေရော၊ ကားပေါ်ပါ လူတွေကိုပါ ရိုက်နှက်၊ သတ်ဖြတ်၊ လုပ်ကြံ့ခဲ့ကြတယ်လို့ ကိုမင်းသိန်းက ပြောပါတယ်။

လက်မှာ ပဝါအနီစည်းထားတဲ့ သင်္က်န်းဝတ်လူတွေက ရိုက်နှက်ခဲ့တာ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် စီးလာတဲ့ကားရဲ့ နောက်က နှစ်စီး အကွာမှာရှိတဲ့ သူတို့ ကားပေါ်မှာပဲ ဓာတ်ပုံဆရာ ကိုတင်မောင်ဦး၊ မြို့နယ် စည်ရုံးရေးမှူး ကိုသိန်းတိုးအေးတို့ ပွဲချင်းပြီး သေဆုံးပြီး၊ ကားပေါ်ပါသူ ဦးထွန်းအောင်ကျော်ကတော့ အရိုက်နှက် ခံရတဲ့ ဒဏ်ရာနဲ့ တိမ်းရှောင် ပြေးလွှားရင်း ဆေးကု မခံရလို့ သေဆုံးခဲ့တယ်လို့ ကိုမင်းသိန်းက ပြောပါတယ်။

တခြားကားပေါ်က ယာဉ်မောင်းတဦးဖြစ်တဲ့ မန္တလေး အနောက်မြောက်က NLD ကိုရာဂျူးလည်း ကားပေါ်မှာပဲ မျက်လုံးတလုံးထွက်တဲ့ အထိ အရိုက်ခံရပြီး သေဆုံး ခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒီပဲယင်း လုပ်ကြံမှုကြောင့် သူသိသလောက် အနည်းဆုံး လူ ၇၀ ထက် မနည်း သေဆုံးပြီး၊ အများအပြား ဒဏ်ရာ ရတယ်လို့လည်း ကိုမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ဆို ဒီပဲယင်း လုပ်ကြံမှု ၈ နှစ်ပြည့် နှစ်ပတ်လည် ရောက်လာတဲ့အတွက် အမေရိကန် ပြည်ထောင်စု၊ ဖို့ဝိန်းမြို့ရောက် ဒီလုပ်ကြံမှုက အသက်မသေ လွတ်မြောက်သူ NLD အဖွဲ့သားတွေက လုပ်ကြံမှုအတွင်း ကွယ်လွန်သူတွေနဲ့ ဒဏ်ရာရသူတွေအတွက် အမှတ်ရ အောက်မေ့ပွဲ ကျင်းပပြီး ဘုန်းတော်ကြီးကို ဆွမ်းကပ်လှူခဲ့တယ်လို့ သိရပါတယ်။