ဒီပဲယင်း ရှစ်နှစ်ပြည့် အခမ်းအနားတွေ ကျင်းပ

Depayin anniversary
Image caption အနောက် ခင်မကန် ကျောင်းတိုက်က အမှတ်တရ အခမ်းအနား

၂၀၀၃ ခုနှစ် မေလ ၃၀က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ် ဒီပဲယင်းမြို့နယ် ကြည်ရွာနား အရောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကိုကြိုဆိုတဲ့ ယာဉ်တန်းကို တုတ်တွေ ဒါးတွေ ကိုင်ထားတဲ့ လူအုပ်ကြီးက ဝင်ရောက် တိုက်ခိုက်လို့ သေဆုံး ဒဏ်ရာရ ခဲ့ကြသူတွေကို ရည်စူးပြီး ရှစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွေကို အထက်မြန်မာနိုင်ငံ မြို့နယ် အသီးသီးက အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ စုပေါင်းပြီး မန္တလေးနဲ့ သာစည်မြို့တွေ မှာ ကျင်းပခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက ဒေါက်တာမေ၀င်းမြင့်၊ မဖြူဖြူသင်း၊ ဒေါ်ခင်ဌေးကြွယ်တို့ ပါတဲ့အဖွဲ့က မန္တလေးကို သွားပြီးတော့ မန္တလေး အနောက်ခင်မကန် ကျောင်းတိုက်မှာ မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်း ၁၅မြို့နယ်က အန်အယ်လ်ဒီပါတီ၀င်တွေနဲ့ အတူ သံဃာတော် ၁၀ပါးကို လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်ပြီး ဒီအရေးခင်းမှာ သေဆုံးသူတွေ အတွက် ဆွမ်းသွတ် အမျှဝေခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ကိုယ်တိုင် ခံခဲ့ရသူတွေက ရိုက်နှက်ခံခဲ့ ရတာတွေကို ပြန်ပြောင်း အောက်မေ့နေဆဲ ဖြစ်ပေမယ့် တချို့ အန်အယ်လ်ဒီ ပါတီ၀င်တွေ ကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့အနေနဲ့ ခံစားခဲ့ရတဲ့ နာကျည်းချက်ကို မေ့ဖျောက်ထားတဲ့ အကြောင်း မန္တလေးတိုင်း စည်းရုံးရေး အဖွဲ့၀င်ဦးမျိုးနိုင်က ပြောပြပါတယ်။ ဒီကနေ့မှာပဲ ဒီပဲယင်း တိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ မန္တလေးတိုင်း အန်အယ်လ်ဒီ ပါတီ၀င် ကိုတင်မောင်ဦး၊ ကိုသန်းမြင့်အောင်၊ ကိုသိန်းစိုးဦးတို့ရဲ့ မိသားစုတွေကို ငွေနှစ်သောင်းဆီ ထောက်ပံ့ခဲ့တယ်လို့ ဦးမျိုးနိုင်ကပြောပါတယ်။

သေဆုံးသူ ၄ ဦးလို့ အတည်ပြု နိုင်ခဲ့ပေမယ့် ဒီထက်မက များနိုင်တယ်လို့ တချို့က ခန့်မှန်း ပြောဆိုကြပါတယ်။

သာစည်မှာလဲ အခမ်းအနားလုပ်

မန္တလေးတိုင်းအတွင်းက တောင်သာ၊ ၀မ်းတွင်း၊ မလှိုင်၊ မိတ္ထိလာစတဲ့ ၁၁ မြို့နယ်က အန်အယ်လ်ဒီ ပါတီ၀င်တွေကလည်း သာစည် မြို့နယ် ဘုရားငါးဆူကျေးရွာက အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးသန်းဆောင် အိမ်မှာ အမှတ်တရ အခမ်းအနား လုပ်ခဲ့ပါသေးတယ်။

ဒီပယင်း လုပ်ကြံမှုအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖအစိုးရ တာ၀န်ရှိသူတွေ ညှိနှိုင်းချက်မှာ ဒီအကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူပေးဖို့ ပါခဲ့ပေမယ့် ခုချိန်ထိ လျစ်လျူရှူ ထားတဲ့အတွက် ဒီကနေ့ သာစည်မြို့နယ်မှာ လုပ်ခဲ့တဲ့ အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်တဲ့ အန်အယ်လ်ဒီ ပါတီ၀င်တွေက အစိုးရသစ်ကို အဖြစ်မှန် ဖော်ထုတ်ပေးဖို့၊ နစ်နာသူတွေကို လျော်ကြေးပေးဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ ထပ်မံ တောင်းဆိုခဲ့တဲ့ အကြောင်း မိတ္ထိလာ အန်အယ်လ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။