အမေ​ရိ​ကန်​က​အရင် တရုတ်​က​နောက်​​ရွှေ​ကြာ

ဗီယက်နမ်စစ်ပြန်ကြီးနဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်းရဲ့ မနက်ဖြန်မှာ စတင်မယ့် မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာ အစိုးရဟာ မစ္စတာ မက်ကိန်းက တဆင့် သတင်းစကား ပေးချင်ပုံ ရတယ်လို့ မြန်မာ စစ်အရာရှိဟောင်း တဦးက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံကို ဒုတိယအကြိမ်သွားရောက်မယ့် ဗီယက်နမ်စစ်ပြန် လွှတ်တော်အမတ် မက်ကိန်း

မြန်မာအစိုးရဟာ တရုတ်နဲ့ ထွေးလုံးတဲ့ ဆက်ဆံရေး လုပ်ပြနေတာတွေကို အမေရိကန်က သိနေပြီး၊ မြန်မာဟာ တရုတ်နိုင်ငံရဲ့ ကိုလိုနီ ဖြစ်သွားမှာကို စိတ်ပူရတဲ့ အကြောင်း အမေရိက ရောက်နေတဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

တကယ်တော့ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးက အရင်စခဲ့တဲ့ အကြောင်း၊ တရုတ်ဟာ နောက်မှပေါက်တဲ့ ရွှေကြာပါလို့ သူက ဆိုပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးမှာ တရုတ်ဟာ အာဏာရမယ့်သူ အမှတ်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကို ထောက်ခံခဲ့တဲ့ အကြောင်းကိုလည်း သူက ပြန်ပြောင်း ပြောပြပါတယ်။

၂၀၀၁ ခုနှစ်မှာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး တခါ ပြန်ကောင်းခဲ့ပြီး၊ ၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုနဲ့ ၂၀၀၈ နာဂစ်မုန်တိုင်း အပြီးမှာ အနောက်နိုင်ငံက ဖိအား တွေကြောင့် မြန်မာနဲ့ တရုတ် ရင်းနှီးတဲ့ ဆက်ဆံရေး ဖြစ်သွားတယ်လို့ သူက ထောက်ပြပါတယ်။

လက်ရှိ အမေရိကန် သမ္မတ အိုဘားမားနဲ့ သမ္မတလောင်း အဖြစ် သူတင်ကိုယ်တင် ယှဉ်ပြိုင်ခဲ့တဲ့ ဝါရင့် နိုင်ငံရေးသမား ဂျွန်မက်ကိန်း ခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကြား ပြေလည်ဖို့ အတွက်မှာ အကျိုးဆောင် အနေနဲ့ ဘယ်လောက် ပီပီပြင်ပြင် ထိထိရောက်ရောက် လုပ်မလဲ အပေါ်မှာ မူတည်လိမ့်မှာ ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး စေခိုင်းမှုတွေ၊ ပေါ်တာထမ်းခိုင်းတာတွေ၊ ကလေး စစ်သား အသုံးပြုမှုတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်ဆိုင်းပြီး မြန်မာ အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းလို့ နိုင်ငံ့ တိုးတက်ရေး လုပ်မယ် ဆိုရင်တော့ အနောက်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ အလိုလို ရုပ်သိမ်းပြီး ဖြစ်သွားမှာလို့ သူက ဘီဘီစီကို ပြောပါတယ်။

ဂျွန်မက်ကိန်းဟာ စစ်ထောက်လှမ်းရေးရဲ့ စီစဉ်မှုနဲ့ မြန်မာနိုင်ငံကို ၁၉၉၅ ခုနှစ်မှာ တခေါက် ရောက်ဖူးပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ဖူးပုံ ရကြောင်းနဲ့ ဒီ ခရီးစဉ်ဟာ ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်တယ်လို့လည်း ဦးအောင်လင်းထွဋ်က ပြောပါတယ်။