ဂျွန်မက်ကိန်း မဲဆောက်ကို ရောက်ရှိ

  • 31 မေ 2011
John McCain ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မယ်တော် ဆေးခန်းမှာ မြန်မာ နိုင်ငံသား တွေကို တွေ့ ဆုံခဲ့

အမေရိကန် ဆီးနိတ် လွှတ်တော် အမတ် ဂျွန်မက်ကိန်း ဟာ ထိုင်းမြန်မာ နယ်စပ် ထိုင်းဘက် ခြမ်းမှာရှိတဲ့ မဲဆောက်မြို့ အနီး တဝိုက် ကို ခရီး လှည့်လည် ခဲ့ပါတယ်။

သူဟာ မဲလ ဒုက္ခသည် စခန်း နဲ့ ဒေါက်တာ စင်သီယာမောင် တည်ထောင် ထားတဲ့ မယ်တော် ဆေးခန်း တွေကို သွားရောက် ခဲ့ပြီး သတင်းထောက် တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

မစ္စတာ မက်ကိန်းက မြန်မာနိုင်ငံ ကို ရောက်တဲ့အခါ မြန်မာ အစိုးရ ခေါင်းဆောင်ပိုင်း နဲ့ရော ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ဆုံဖို့ ရှိသလို အခြား နိုင်ငံရေး ခေါင်းဆောင် တွေ နဲ့လည်း တွေ့ဆုံမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဂျွန်မက်ကိန်းရဲ့ အစီအစဉ်

မြန်မာနိုင်ငံ ရောက်တဲ့အခါ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေ အနေ တွေကို ဆွေးနွေး မှာ ဖြစ်ပြီး၊ နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွှတ်ပေးဖို့ ကိစ္စ၊ အစိုးရ နဲ့ ဒေါ်အောင်ဆန်း စုကြည် အပါ အဝင် အတိုက်အခံ တွေနဲ့ ဆွေးနွေးဖို့ ကိစ္စ တွေကို လည်း ပြောဖို့ရှိတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသား ဒေသ တွေမှာ တိုက်ခိုက်မှု တွေ ဆက်ရှိ နေတာကြောင့် ဒုက္ခသည် တွေ ထိုင်း နိုင်ငံ ဘက်ကို ဆက်ပြီး ထွက်ပြေး တိမ်းရှောင် နေရတဲ့ အခြေ အနေ တွေကိုလည်း ထောက်ပြ ဆွေးနွေး မယ်လို့ ဂျွန်မက်ကိန်းက ပြောပါတယ်။

သူဟာ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ နဲ့လည်း တွေ့ဆုံ ခဲ့ပါ သေးတယ်။

ဂျွန်မက်ကိန်း ဘယ်သူလဲ

Image caption ဂျွန်မက်ကိန်း ဟာ အမေရိကန် နဲ့ ဗီယက်နမ် ဆက်ဆံရေး ကို လည်း မြှင့်တင် ခဲ့

အမေရိကန် ထိပ်တန်း ဆီးနိတ် အမတ် တဦး ဖြစ်တဲ့ ဂျွန် မက်ကိန်း ဟာ ဗီယက်နမ် စစ်ပွဲ ကာလ အတွင်း တုန်းက တိုက်လေယာဉ်မှူး တဦး ဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ တုန်းက ဟနွိုင် မြို့မှာ သူ့လေယာဉ်ကို ပစ်ချ ခံခဲ့ရ ပါတယ်။

အဲဒီနောက် ၁၉၇၃ ခု အထိ သူ့ကို နာမည်ကျော် ဟနွိုင် ဟီလ်တန် အကျဉ်းထောင် ထဲမှာ စစ်သုံပန်း အဖြစ် ဖမ်းဆီးထား ခဲ့ပါတယ်။

နောက်ပိုင်း စစ်ပြီးတဲ့ အခါ မှာတော့ ဗီယက်နမ် ကို ပြန်ရောက် လာပြီး၊ အမေရိကန်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်ပြီး ကောင်းမွန်ဖို့ အတွက် အဓိက ကြိုးပမ်း ခဲ့ပါတယ်။

မြန်မာ့အရေးမှာ သူဘာလုပ်မလဲ

အမေရိကန် အစိုးရဟာ နိုင်ငံခြား ဆက်ဆံရေးမှာ တရားဝင် လမ်းကြောင်း ကရော၊ အခြား လမ်းကြောင်း တွေကပါ ထူးခြားတဲ့ နည်းအမျိုးမျိုး ကို အသုံးပြုလေ့ ရှိတယ်လို့ ဘီဘီစီ ဗီယက်နမ် ဌာနမှူး ဇန်ငုယင် ကပြောပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး မှာ ဝင်ရောက် ပါဝင်ခဲ့ သလို ဗီယက်နမ်နဲ့ ပူးပေါင်း ဆက်ဆံရေး မှာလည်း ပါဝင် ခဲ့တယ် လို့သူက ထောက်ပြပါတယ်။

မြန်မာနဲ့ ဆက်ဆံရေး မှာလည်း တကယ်တမ်း အစိုးရ အဖွဲ့ထဲမှာ ပါတဲ့ အရာရှိ မဟုတ်သူ မက်ကိန်းကို အမေရိကန် အစိုးရက တနည်းနည်း နဲ့ သုံးချင်တဲ့ ပုံမျိုး ရှိတယ်လို့ ဇန်ငုယင်က သုံးသပ် ပါတယ်။