ဂျွန်မက်ကိန်း ခရီးစဉ်အတွင်း ဘာတွေပြောမှာလဲ

  • 1 ဇွန် 2011
McCain
Image caption မဲဆောက်မှာ ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းကို ဝင်

မြန်မာ နိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ ရောက်လာတော့မဲ့ ဆီးနိတ် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ အတိုက်အခံ ရီပတ်ဘလီကန် ပါတီက ဖြစ်ပေမဲ့ လွှတ်တော် အမတ်တွေ အကြားမှာ လေးစားခံရသူ ဖြစ်တယ်၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒတွေ ချမှတ်ရာမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးတတ်သူ လည်း ဖြစ်တယ်လို့ နယူးယောက် အခြေစိုက် Asia Society အဖွဲ့က ဒုတိယ ဥက္ကဌ ဆူဇန် ဒီမက်ဂျီယို ကပြောပါတယ်။

မစ္စတာ မက်ကိန်း နဲ့ လက်ရှိ သမ္မတ အိုဘားမား အစိုးရရဲ့ မြန်မာ့အရေး နဲ့ ပတ်သက်တဲ့ မူတွေမှာ ကွဲလွဲမှု သိတ်မရှိပါဘူးလို့လဲ သူက ပြောပါတယ်။ အခု ခရီးစဉ်ကို အစိုးရက သဘောတူထား ပြီးသားတောင် ဖြစ်နိုင်တယ်လို့လဲ ဆိုပါတယ်။

ကိုယ်တိုင်တွေ့လို

မစ္စတာ မက်ကိန်းဟာ မြန်မာ နိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့ နောက်မှာ ဘယ်လို အပြောင်းအလဲတွေ ရှိလာတယ်ဆိုတာ ကိုယ်တိုင်တွေ့ရအောင် မြန်မာ နိုင်ငံကို သွားတာ ဖြစ်တယ်။ ပြန်လာရင်လဲ အစိုးရအဖွဲ့ကို သူ့တွေ့ရှိချက်တွေ ကို ပြန်ပြီး အစီရင်ခံ ဦးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Asia Society
Image caption Asia Society က ဆူဇန် ဒီမက်ဂျီယို (photo: Asia Society)

အင်္ဂါနေ့မှာ မဲဆောက်မြို့ကို သွားရောက်ပြီး မြန်မာ ဒုက္ခသည်တွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ နဲ့ တွေ့ခဲ့တုန်းက မစ္စတာ မက်ကိန်းက သူ မြန်မာနိုင်ငံ ရောက်တဲ့အခါ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေ အနေ တွေကို ဆွေးနွေး မှာ ဖြစ်ပြီး၊ နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွှတ်ပေးဖို့ ကိစ္စ၊ အစိုးရ နဲ့ ဒေါ်အောင်ဆန်း စုကြည် အပါ အဝင် အတိုက်အခံ တွေနဲ့ ဆွေးနွေးဖို့ ကိစ္စ တွေကို လည်း ပြောဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသား ဒေသ တွေမှာ တိုက်ခိုက်မှု တွေ ဆက်ရှိ နေတာကြောင့် ဒုက္ခသည် တွေ ထိုင်း နိုင်ငံ ဘက်ကို ဆက်ပြီး ထွက်ပြေး တိမ်းရှောင် နေရတဲ့ အခြေ အနေ တွေကိုလည်း ထောက်ပြ ဆွေးနွေး မယ်လို့ ဂျွန်မက်ကိန်းက ပြောပါတယ်။

Asia Society က ဆူဇန် ဒီမက်ဂျီယိုကတော့ ဆီနိတ်တာ မက်ကိန်း မြန်မာနိုင်ငံကို ရောက်တုန်း အစိုးရအဖွဲ့ ခေါင်းဆောင်တွေ၊ လွှတ်တော် အသစ်က အမတ်တွေနဲ့ တွေ့ပြီး အမြင်ချင်း ဖလှယ်ခွင့်ရဖို့ ကြိုးစား သင့်တယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရရဲ့ အပြုသဘော လုပ်ဆောင်ချက်

မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို ဝေဖန်လေ့ရှိသူ၊ ဒီမိုကရေစီ အရေးကို တက်တက်ကြွကြွ ထောက်ခံတတ်သူ ဂျွန်မက်ကိန်းကို ပြည်ဝင်ခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပါ ပေးခဲ့တာဟာ မြန်မာ အစိုးရရဲ့ အပြုသဘော ဆောင်ရွက်ချက်တခု အဖြစ် ရှုမြင်သင့်တယ်လို့ ဆူဇန် ဒီမက်ဂျီယိုကပြောပါတယ်။

ဆီနိတ်တာ မက်ကိန်းဟာ အမေရိကန်နဲ့ ဗီယက်နမ် ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်ပေးတဲ့ နေရာမှာ အဓိက ပါဝင်ခဲ့တဲ့ စစ်ပြန်ကြီး တယောက်ဖြစ်ပါတယ်။ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး ပြန်ကောင်းလာအောင်လဲ သူ လုပ်ပေးကောင်း လုပ်ပေးနိုင်မှာ ဖြစ်ပေမဲ့ မြန်မာ အစိုးရဖက်က အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စလို လုပ်သင့်တဲ့ ကိစ္စတွေ မလုပ်သေးသ၍တော့ ဆက်ဆံရေး ပုံမှန် ဖြစ်ဖို့ မလွယ်ပါဘူးလို့ Asia Society အဖွဲ့က ဒုတိယ ဥက္ကဌ ဆူဇန် ဒီမက်ဂျီယို ကပြောပါတယ်။