DKBA ဗိုလ်ကျော်သက် အဖွဲ့ အဝေးပြေး လမ်းပေါ် ဆက်ကြေး ကောက်

  • 2 ဇွန် 2011
Image caption ဒီကေဘီအေ တပ်ဖွဲ့ တံဆိပ်

နယ်ခြားစောင့်တပ်အဖြစ် လက်မခံတဲ့ ဒီကေဘီအေ ခွဲထွက် ဗိုလ်ကျော်သက် အဖွဲ့က မနေ့ ညနေပိုင်း က ကော့ကရိတ်မြို့ အနားမှာ အဝေးပြေးလမ်းကို ပိတ်ပြီး ဆက်ကြေး ကောက်ခံခဲ့ပါ တယ်။

ဒီကေဘီအေတွေ ဆက်ကြေးကောက်တယ် ဆိုတဲ့ နေရာဟာ ကော့ကရိတ်မြို့ အပြင်နားက ရဲနဲ့ စစ်တပ် ကင်းစခန်းတွေ ရှိတဲ့ ရန်ကုတ် ဆိုတဲ့ ရွာအနားက မြဝတီ ကော့ကရိတ် အဝေးပြေး လမ်းမပေါ်မှာ ဖြစ်ပါတယ်။

အဲဒီ အဝေးပြေး လမ်းပေါ်မှာ သွားနေတဲ့ ကားတွေ၊ ဆိုင်ကယ် တွေကို ရပ်ခိုင်း ပြီးတော့ ဒီကေဘီအေတွေက ဆက်ကြေး ကောက်တာလို့ ခရီးသည် တယောက်က ပြောပါတယ်။

ကောက်ခံသူတွေဟာ ကျော်သက် တပည့်တွေလို့ သိရပြီး အင်အား ၂ဝ လောက်နဲ့ လမ်းမကို ပိတ်ပြီး ဆက်ကြေး ဝင်ကောက်တာ ဖြစ်ကြောင်း ၊ ကားတစီးကို တသိန်း၊ ဆိုက္ကယ်တစီးကို တသောင်း၊ ၃ နာရီကနေ ကောက်တာ ၇ နာရီမှ ထွက်သွားတယ်လို့ ဆိုပါတယ်။

ဒါအပြင် သူတို့ဟာ ပိုက်ဆံ သိန်း သုံးလေးဆယ်လောက် ကောက်ခံ ရသွားတယ်လို့ သိရပြီး ဒါတွေဟာ ရံပုံငွေလို့ပြောပေမယ့် ဘာရံပုံငွေလည်းမသိဘူးလို့ မျက်မြင် သက်သေ ဖြစ်တဲ့ ခရီးသည်က ပြောပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီးလို့ မေးမြန်းဖို့ အတွက် ဒီကေဘီအေ ဗိုလ်ကျော်သက်ကို ကြိုးစား ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီကေဘီအေတွေက အဲဒီလို အဝေးပြေးလမ်းပေါ်မှာ ဆက်ကြေး ကောက်နေတာကို ခပ်လှမ်းလှမ်းက အစိုးရရဲ့ ရဲကင်းနဲ့ စစ်တပ်ကင်းစခန်းတွေက လှမ်းမြင်နေရပေမဲ့ လူထုတွေကို အကူညီပေးတာမရှိဘူးလို့ အဲဒီ ခရီးသည် ဆက်ပြောပြပါတယ်။

ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း အခုလိုပဲ ဒီကေဘီအေ ဗိုလ်ကျော်သက်အဖွဲ့က ဆိုပြီးတော့ ကော့ကရိတ်မြို့ပြင် အဝေးပြေးလမ်းပေါ်မှာ ကားတွေ၊ ဆိုက္ကယ်တွေကို ရပ်ခိုင်းပြီး၊ ဆက်ကြေး ကောက်သွားပါသေးတယ်လို့ ခရီးသည်တွေက ပြောပါတယ်။