ဆီနိတ်တာ မက်ကိန်း မြန်မာပြည် ရောက်

  • 1 ဇွန် 2011

အမေရိကန် အထက် လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာ နိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာ ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဂျွန် မက်ကိန်း မြန်မာ နိုင်ငံ မလာခင် နယ်စပ်က မြန်မာ့ အရေး လှုပ်ရှားသူတွေနဲ့ တွေ့ခဲ့

သူ့ရဲ့ သုံးရက်တာ မြန်မာ နိုင်ငံ ခရီးစဉ် ရဲ့ ပထမဆုံးနေ့ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို ရောက်ရှိလာပြီး ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။

တခြား အစိုးရ အဖွဲ့သစ် ထိပ်တန်း ခေါင်းဆောင်တွေ၊ နိုင်ငံရေးနဲ့ လုံခြုံရေး ဆိုင်ရာ အရာရှိတွေနဲ့လည်း တွေ့ဆုံ လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။

ရန်ကုန်က အမေရိကန် သံရုံးကတော့ မစ္စတာ မက်ကိန်း ဟာ ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့ အထိ မြန်မာ နိုင်ငံမှာ ရှိနေမှာ ဖြစ်တယ်၊ သူ့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည်နဲ့ရော မြန်မာ အစိုးရ အရာရှိ တွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်၊ လာမယ့် ဇွန်လ သုံးရက် နေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ် ဆိုတာက လွဲရင် အသေးစိတ်ကို ပြောဆိုခြင်း မရှိပါဘူး။

သတင်းစာရှင်းလင်းပွဲကို ဇွန်လ သုံးရက် သောကြာနေ့ မနက် ၈ နာရီ ၄၅ မှာ ဒဂုံမြို့နယ် တော်ဝင်လမ်းက အမေရိကန် စင်တာ မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ တော့ ကြာသပတေးနေ့ မှာ တွေ့ဆုံမယ်လို့ အန်အယ်ဒီ ဘက်က ပြောပါတယ်။ ဘာတွေ ဆွေးနွေး ကြမယ် ဆိုတာ ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိ ပါဘူး။

မစ္စတာ မက်ကိန်းရဲ့ ခရီးစဉ်နဲ့ ရဲ့ ရည်ရွယ်ချက်ကို အတိအကျ မသိရသေးပေမဲ့ မြန်မာ နိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့ နောက်မှာ ဘယ်လို အပြောင်းအလဲတွေ ရှိလာတယ် ဆိုတာ သိရှိရအောင် ကိုယ်တိုင် သွားရောက် တာ ဖြစ်ပြီး ခရီးစဉ် ပြီးလို့ ပြန်လာတဲ့ အခါ အမေရိကန် အစိုးရအဖွဲ့ကို ပြန်လည် အစီရင်ခံ လိမ့်မယ်လို့ အမေရိကန် ဘက်က လေ့လာ စောင့်ကြည့်သူတွေက ဆိုကြပါတယ်။

အထက် လွှတ်တော် အမတ် မစ္စတာ မက်ကိန်း မြန်မာ နိုင်ငံကို ရောက်ရှိစဉ် အစိုးရအဖွဲ့ ခေါင်းဆောင်တွေ၊ လွှတ်တော် အသစ်က အမတ်တွေနဲ့ တွေ့ပြီး အမြင်ချင်း ဖလှယ်ခွင့်ရဖို့ ကြိုးစား သင့်တယ်လို့ နယူးယောက် အခြေစိုက် Asia Society အဖွဲ့က ပြောပါတယ်။