NLD နဲ့ နီးစပ်လာတဲ့ မြန်မာ ပညာရှင် တွေ

  • 1 ဇွန် 2011
daw suu kyi ဓာတ်ပုံ မူပိုင် AFP Getty
Image caption လူငယ်ကွန်ယက် တွေ လည်း NLD က တည်ဆောက် နေ

NLD က ဇွန်လ ထဲမှာ ဖွင့်လှစ်မယ့် နိုင်ငံရေး သင်တန်း မှာ အရင် က အတိုက် အခံ နဲ့ ကင်းကင်း နေခဲ့တဲ့ ပညာတတ် ပုဂ္ဂိုလ် တွေ ကလည်း သင်တန်း ပို့ချ မှာ ဖြစ်ပါတယ်။

အဲဒီ နိုင်ငံရေး သင်တန်းမှာ ဟောင်ကောင် ရှိ စီးတီး တက္ကသိုလ် က အာရှ နှင့် နိုင်ငံတကာ လေ့လာရေးဌာန လက်ထောက်ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင် နဲ့အတူ စင်ကာပူ အခြေစိုက် တက္ကသိုလ် တွေ က မြန်မာ ပညာရှင်တွေ နဲ့ အခြား နိုင်ငံခြားသား ပညာရှင် တွေ လည်း ပါဝင်ကြမယ် လို့ သိရပါတယ်။

သင်တန်း နည်းပြ တွေ အဖြစ်လုပ်ပေးဖို့ ဒေါက်တာ ကျော်ရင်လှိုင် တို့ ဖက် က စတင် ကမ်းလှမ်း ခဲ့ပြီးတဲ့ နောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင် ပိုင်း က သဘောတူ ကြတဲ့ အတွက် အခု သင်တန်း အစီအစဉ် ကို လုပ်ခဲ့ကြတာ လို့ NLD ရဲ့ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်၊ ပြောခွင့် ရ ပုဂ္ဂိုလ် တဦး လည်း ဖြစ်တဲ့ ဦးအုန်းကြိုင် က ဘီဘီစီ ကို ပြောပါတယ်။

အခု နိုင်ငံရေး သင်တန်း မှာ ပေးမယ့် အကြောင်းအရာ ခေါင်းစဉ် တွေ ကို NLD နဲ့ ပညာရှင် တွေ ၂ ဘက် ညှိနှိုင်း ခဲ့တာဖြစ်ပြီး အသွင်ကူးပြောင်းရေး ဆိုင်ရာ သီအိုရီများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ဥပဒေရေးဆိုင်ရာ စဉ်းစားပုံ စတဲ့ ခေါင်းစဉ် တွေ လည်း ပါဝင် ကြောင်း ဦးအုန်းကြိုင် က ပြောပါတယ်။

အရင် က အတိုက်အခံ နဲ့ မနီးစပ်ခဲ့ တဲ့ အဆိုပါ ပညာတတ်ပုဂ္ဂိုလ်များ NLD သင်တန်း ကို လာပေးတာနဲ့ ပတ်သက် လို့ ထူးခြား မနေဘူးလား လို့ ဦးအုန်းကြိုင် ကို ဘီဘီစီ က မေးရမှာ တော့ NLD အနေနဲ့ ချထားတဲ့ ပေါ်လစီ အတိုင်း ကျယ်ပြန့်တဲ့ ကွန်ယက် တည်ဆောက်ရေး ဆိုတဲ့ အောက်မှာ ကိုယ်နဲ့ နိုင်ငံရေး တူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ လက်တွဲ လုပ်ဆောင် သွားမယ် လို့ သူ က ပြန်ဖြေ ပါတယ်။

NLD ရုံးချုပ်မှာ လုပ်မယ့် အဲဒီ နိုင်ငံရေး သင်တန်း ကို ဇွန် လ ၂၀ ရက် နေ့ ကနေ ၂၉ ရက် နေ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး NLD အဖွဲ့ဝင် ၈၀ ဦး ခန့် တက်ရောက် မယ် လို့ သိရ ပါတယ်။