John McCain လူမှုကူညီရေးလုပ်ငန်းများသွားကြည့်

  • 2 ဇွန် 2011
HIV ရောဂါသည်များကို အမတ်သွားကြည့် ဓာတ်ပုံ မူပိုင် AP
Image caption HIV ရောဂါသည်များကို အမတ်သွားကြည့်

ဇွန်လ၂ရက်နေ့မနက်မှာ မစ္စတာ ဂျွန်မက်ကိန်းနဲ့ အဖွဲ့ဟာ ရုပ်ရှင်မင်းသား ဦးကျော်သူဦးဆောင်တဲ့ ရန်ကုန် မြောက်ဒဂုံက နာရေးကူညီမှုအသင်းနဲ့ တောင်ဒဂုံမှာရှိတဲ့ မဖြူဖြူသင်း တာ၀န်ယူ စောင့်ရှောက် ထားတဲ့ အိပ်ချ်ပ်အိုင်ဗီ ဝေဒနာသည် စောင့်ရှောက်ရေး ဂေဟာကို ကြည့်ရှုသွားပါတယ်။

နာရေးကူညီမှုအသင်းရန်ကုန်ကို ရောက်တုန်းမှာ သုခကုသိုလ်ဖြစ်ဆေးခန်းကို ကြည့်သွားသလို နာရေးကူညီမှုလုပ်ပေးနေတာတွေ လူမူရေး ပညာရေးတွေအတွက် သင်တန်းပေးနေတာတွေကို ကြည့်သွားတယ်လို့သိရပါတယ်။ မစ္စတာဂျွန်မက်ကိန်း ပြောသွားတာနဲ့ ဦးကျော်သူတို့ဘက်က တင်ပြလိုက်တာတွေနဲ့ပတ်သက်လို့ နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူက

"မနေ့ကဆိုရင် သူ တကယ်ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦးကြီးတွေကို သူရောက်ခဲ့တယ်။ ဖိတ်ဖိတ်တောက်ပနေတာတွေကို တွေ့ခဲ့ရတယ်ပေါ့လေ။ ဒီနေ့ကျမှ တကယ့်ကို သူ စိတ်ထဲမကောင်းမိဘူးပေါ့လေ။ HIV ေဒနာရှင်တွေဆီရောက်သွားတယ်။ အဲ့ဒီကတည်းက သူစိတ်မကောင်းဖြစ်တယ်။ ကျနော်တို့ဆီရောက်တော့ လူနာတွေ ဆေးကုတာတို့ နာရေးပို့ဆောင်တာတို့ အဲ့ဒါတွေတွေ့တော့ သူတော်တော်လေး စိတ်မကောင်းဘူးဖြစ်သွားတယ်တဲ့။ သူက နိုင်ငံတော် အစိုးရအနေနဲ့ ဘယ်လိုလုပ်စေချင်လဲလို့ မေးတော့ အစိုးရကို ကျနော်တို့က တဖက်တလမ်း ကူညီနေရတာပေါ့လေ ပြည်သူတွေကို ကူညီနေရတဲ့ အပိုင်းပေါ့။ အဲ့ဒီလို ပြည်သူတွေကို ကူညီရတဲ့အခါကျရင် မကူညီရင်တောင်မှ အနှောင့်အယှက်မပေးဖို့ ကုသပေးတဲ့ ဆရာ၀န်တွေကို စစ်ဆေးမေးမြန်းတာတွေ ဒါတွေလုပ်တော့ တချို့ဆရာ၀န်တွေက မကုရဲတော့ဘူး။ ဒါမျိုးတွေဖြစ်တော့ အဲ့ဒီတော့ မလုပ်သင့်ဘူးဆိုတာတွေကို ကျနော်ပြောလိုက်ပါတယ်လို့" ဦးကျော်သူပြောသွားတာပါ။

နာရေးကူညီမှုအသင်းကို မလာခင်မှာ တောင်ဒဂုံက မဖြူဖြူသင်းတို့ စောင့်ရှောက်ထားတဲ့ အိပ်ချ်အိုင်ဗီ ေ၀ဒနာသည်တွေ စောင့်ရှောက်ရေးဂေဟာကိုလည်း သွားခဲ့ပါတယ်။

အခုလို အမေရိကန် အထက်လွတ်တော် အမတ် ဂျွန်မက်ကိန်းကိုယ်တိုင် သူတို့လုပ်ဆောင်နေတဲ့ လူမူရေးလုပ်ငန်းတွေကို လာရောက် အားပေးသွားတာကြောင့် အင်အားသစ် တွေဖြစ်ရပါတယ်လို့ ဦးကျော်သူနဲ့ မဖြူဖြူသင်းတို့ ကပြောသွားကြ ပါတယ်ခင်များ။