အမျိုးသား ကွန်ဂရက် ပါတီသစ် ထောင်မည်

  • 2 ဇွန် 2011
Kaung Myint Htut ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းတုန်း က ဦး ကောင်းမြင့်ထွဋ်

ဒီနှစ်ကုန်ပိုင်းမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းဖို့ အစီအစဉ် ရှိနေတာမို့ နိုင်ငံရေး ပါတီတွေ ကြိုတင် ပြင်ဆင် နေကြချိန်မှာဘဲ တသီး ပုဂ္ဂလ ကိုယ်စားလှယ် လောင်းအဖြစ် တောင်ဥက္ကလာပ မြို့နယ်ကနေ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ဦးကောင်းမြင့်ထွဋ်က အမျိုးသား ကွန်ဂရက် ပါတီကို တည်ထောင်ပြီး မှတ်ပုံတင်ဖို့ စတင် ဆောင်ရွက်နေပါပြီ။

ဒီပါတီကို အမျိုးသား နိုင်ငံရေး လုပ်ဖို့ ထူထောင်တာလို့ ပါတီ ဥက္ကဌ အဖြစ် တာဝန်ယူမယ့် ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းက လစ်လပ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၆ နေရာနဲ့ နေပြည်တော်က မဲဆန္ဒနယ်မြေ တချို့မှာ စုစုပေါင်း ကိုယ်စားလှယ် ၁၀ ဦးလောက် ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ခန့်မှန်း ထားကြောင့်လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ပါတီရဲ့ ဝါဒတွေကို လူထုကြားမှာ ပြန့်အောင် လုပ်မယ် လို့ဆို

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းက အခြေအနေအရ တသီးပုဂ္ဂလ အဖြစ် ဝင်အရွေး ခံခဲ့ပေမယ့် နိုင်ငံရေးကို တဦးကောင်း တယောက်ကောင်း လုပ်လို့ မရတဲ့အတွက် ပါတီ ထောင်ဖို့ ဆောင်ရွက် နေတာဖြစ်တယ်လို့ သူကပြောပါတယ်။

ပါတီကို လူငယ် မျိုးဆက်သစ် တွေရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းမယ်လို့ သူက ဆိုခဲ့ပြီး ပါတီ အထွေထွေ အတွင်းရေးမှူး ကိုအောင်ခန့်ကျော် ဟာ အသက် ၁၈ နှစ် ပြည့်ပြီးကာစ ဘဲ ရှိသေးတယ်လို့ ပြောသွားခဲ့ပါတယ်။

အမျိုးသား ကွန်ဂရက် ပါတီမှာ ဦးကောင်းမြင့်ထွဋ် အပါအဝင် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သုံးဦး ပါဝင်ပါတယ်။

ဦးကောင်းမြင့်ထွဋ်ဟာ တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ဖြစ်တဲ့ အဲဒီအချိန်က မြို့တော်ဝန် ဦးအောင်သိန်းလင်း ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။