SSA နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲပြင်းထန်

  • 3 ဇွန် 2011
SSA မြောက်ပိုင်းစစ်တပ် ဓာတ်ပုံ မူပိုင် SHAN
Image caption SSA မြောက်ပိုင်းစစ်တပ်

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင် ဒေသဘက်မှာ သျှမ်းပြည် တိုးတက်ရေးပါတီ(SSPP)/သျှမ်းပြည် တပ်မတော် SSPP/SSA နဲ့ မြန်မာအစိုးရ စစ်တပ်တို့အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချူပ် (ရပခ) နဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာချုပ် (ရမခ) ဆက်စပ်ရာနယ်မြေမှာပစ်ခတ်နေကြတာဖြစ်ပါတယ်။ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ကြားက အက်စ်အက်စ်အေ တပ်မဟာ (၃၆) တည်ရှိရာနေရာမှာ မနက် ၅ နာရီကျော်ကနေ နေ့လည် ၂ နာရီအထိပစ်ခတ်ကြလို့ ဒါဟာအကြာရှည်ဆုံးတိုက်ပွဲတခုဖြစ်တယ်လို့လဲ ဆိုနိုင်ပါတယ်။

အခုပစ်ခတ်ကြတဲ့ တပ်တွေမှာဆိုရင် မြန်မာအစိုးရစစ်တပ်ဘက်က ကျောက်မဲအခြေစိုက် စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ် (စကခ) ၁ နဲ့ သိနီအခြေစိုက် စကခ (၁၆) တို့ရဲ့လက်အောက်ခံတပ်ရင်း အင်အား၁၀၀ နီးပါးလောက်နဲ့ အက်စ်အက်စ်အေဘက်က အင်အား ၇၀-၈၀ လောက်ရှိတယ်လို့ သိရပါတယ်။အခုဖြစ်တဲ့တိုက်ပွဲမှာ ထူးခြားတာကတော့-မြန်မာအစိုးရစစ်တပ်ဘက်က ပစ်လိုက်တဲ့လက်နက်ကို ထိမိတဲ့ လူဟာ မူးဝေပြီး ပျော့ပျောင်းသွားတဲ့အတွက် ဒါဟာရိုးရိုးလက်နက်မဖြစ်နိုင်ဘူးလို့ အက်စ်အက်စ်အေ တပ်မဟာ (၃၆) က အရာရှိတဦးက ဘီဘီစီကိုပြောပါတယ်။

အဲဒီလက်နက်ကြောင့် အက်စ်အက်စ်အေဘက်က တပ်သား အနည်းဆုံး ၇ ယောက် ၈ ယောက်လောက်က မူးဝေနေတဲ့ ဒဏ်ကိုခံစားနေရတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ၁ယောက် ၂ ယောက်လောက်က အပြင်းအထန်ဖြစ်နေတယ်လို့ အဲဒီအရာရှိကပြောပါတယ်။ဒါပေမဲ့ အခုထိတော့ နှစ်ဘက်စလုံးရဲ့ ထိခိုက်ဒဏ်ရာရမှုစရင်း ကိုတော့မသိရသေးဘူးလို့ သူကပြောပါတယ်။မြန်မာအစိုးရစစ်တပ်နဲ့ SSPP/SSA တို့ဟာ ပြီးခဲ့တဲ့ မတ်ချ်လ ၁၃ ရက်ကတည်းစပြီး အခုထိ ရက်ခြားဆိုသလို တိုက်ပွဲတွေဖြစ်နေခဲ့ပါတယ်။