ဘုရားသုံးဆူမြို့ အပစ်ခံရ

  • 5 ဇွန် 2011
ဓာတ်ပုံ မူပိုင် bbc burmese
Image caption မျက်နှာဖုံးစွပ်ထားတဲ့ သေနတ်သမား(၄) ဦးက ကားတစီးနဲ့ မြို့ထဲ ဝင်ပြီးပစ်ခတ်

အမည်မသိရတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့ဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မှာရှိတဲ့ ဘုရားသုံးဆူနယ်စပ်မြို့ကို ဒီနေ့ ညနေ မြန်မာစံတော်ချိန် (၃) နာရီ ခွဲ လောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူ၂ ဦး သေဆုံးပြီး တဦး ဒါဏ်ရာသွားပါတယ်။

သေဆုံးသွားသူနှစ်ဦးကတော့ အစိုးရ စရဖ တပ်ကြပ် ကိုကျော်ကျော်အောင်နဲ့ (၁၃) နှစ်အရွယ် အရပ်သူ ကရင်မလေး တဦးဖြစ်ပြီး၊ စရဖ စာရေးကြီး ဦးစိုးဝင်းက ဒါဏ်ရာရရှိ သွားတယ်လို့ ဆိုပါတယ်။

ဖြစ်ပွားပုံမှာ- မျက်နှာဖုံးစွပ်ထားတဲ့ သေနတ်သမား(၄) ဦးဟာ ကားတစီးနဲ့ ဘုရားသုံးဆူမြို့ ထဲ ဝင်လာပြီးတော့ နေရာ (၃) ခုကို ဝင်ရောက် ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

အလားတူ ပစ်ခတ်မှုမျိုးကို ဒီနေ့ နေ့လည် တနာရီမှာလည်း သက်ကယ်ရွာနဲ့ မြိုင်သာယာ ကြားမှာရှိတဲ့ ခမရ (၃၂ဝ) ကို ကေအန်ယူ တပ်ရင်း (၁၆) ခွဲ(၂) က ခွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ညနေ(၃) နာရီ မိနစ်(၂ဝ) မှာတော့ အပလုံ ရွာနားမှာ ဒုတိယအကြိမ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဘုရားသုံးဆူမြို့ထဲ ပစ်ခတ်မှုမှာတော့ အရပ်သားတွေ ထိခိုက်နိုင်တာမို့ ဘယ်သူ့ လက်ချက်လဲဆိုတာ စုံစမ်း ဦးမယ်လို့ ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောလှငွေက ပြောပါတယ်။

ပြီးခဲ့တဲ့မေလ(၂၆) ရက် နေ့ကလည်း ကေအန်ယူ တပ်မဟာ (၆) ဗျူဟာရုံးနှင့် တပ်ရင်း(၁၆) တွေ ပူးပေါင်းပြီးတော့ မဲကသရွာမှာ ရှိတဲ့ ခမရ (၃၇၃) စခန်းကို ပစ်ခတ်ခဲ့ပါတယ်။

အဲဒီနောက် မေ (၂၇) ရက်နေ့မှာ အပလုံရွာမှာ တကြိမ်နဲ့ မေ(၃ဝ)ရက်နေ့မှာ ချောင်းဆုံရွာက ခမရ (၃၅၆) ကို တကြိမ် ကြိုကြားကြိုကြား ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။