အဓမ္မ​ခိုင်း​စေ​မှု မြန်မာ​မှာ ရှိဆဲ

  • 6 ဇွန် 2011

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလုပ်သမားများ အရေး အကြိမ် ၁၀၀ မြောက် အစည်းအဝေးပွဲမှာ မြန်မာ နိုင်ငံက ကိစ္စတွေကို နိုင်ငံတကာက စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။

Image caption ILO မှာ မြန်မာ့အရေး ပေါ်ပြူလာဖြစ်

ဇွန်လ ၁ ရက်ကနေ ၁၇ ရက်နေ့ အထိ အစည်း အဝေးတွေ ဆက်တိုက် ကျင်းပ နေတာမှာ ဇွန်လ ၄ ရက် စနေနေ့ ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူး စည်းဝေးပွဲကို ကျင်းပခဲ့ပြီး မြန်မာ နိုင်ငံမှာ အဓမ္မ စေခိုင်းမှုတွေ ရှိနေ သေးတဲ့ အကြောင်းကို တင်ပြ ခဲ့တယ်လို့ ဆွေးနွေးပွဲ တွေမှာ ပါဝင် ဆွေးနွေး နေတဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB က ဗဟို ကော်မတီဝင် တဦးဖြစ်တဲ့ ကိုဇာနည်သွေးက ဘီဘီစီကို ပြောပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရန်ကုန်က ILO ဆက်သွယ်ရေး အရာရှိနဲ့ ဆက်သွယ် ဆောင်ရွက် နေကြောင်းနဲ့ အဓမ္မ ခိုင်းစေမှုတွေ နည်းသွား ပါတယ်လို့ ပြောတဲ့ အကြောင်းရယ်၊ ဒီကိစ္စတွေဟာ မိသားစုတွင်း ရန်ဖြစ်သလို ဖြစ်တဲ့ အတွက် မကြာခင် ပြေလည် သွားမှာ ဖြစ်ကြောင်း၊ အပြောင်းအလဲတွေကို ခေါက်ဆွဲထုပ် ပြုတ်စားသလိုတော့ တွေ့ဖို့ လွယ်မှာ မဟုတ်တဲ့ အကြောင်း တင်ပြတယ်လို့ သူက ပြောပြပါတယ်။

ILO ရန်ကုန်ရုံးကို ကလေးစစ်သား ကိစ္စနဲ့ တင်ပြတဲ့ အမှုပေါင်း ၂၆၀ ကျော် ရှိခဲ့ပြီး၊ ၁၅၇ ဦးကို အိမ်ပြန်ပို့ ပေးခဲ့တာမို့ အစိုးရ အနေနဲ့ ဆက်လက် ကျူးလွန် နေတာက တော့ ထင်ရှားတယ်၊ ကလေးစစ်သား ဆိုတာလည်း အဓမ္မ ခိုင်းစေမှု ဖြစ်တယ်လို့ ကိုဇာနည်သွေးက ထောက်ပြပါတယ်။

လာမယ့် အစည်းအဝေးတွေမှာလည်း တောင်သူတွေဆီက အဓမ္မ လယ်သိမ်းတာတွေ၊ ကလေးစစ်သား ကိစ္စတွေ၊ အလုပ်သမား သမဂ္ဂ တည်ထောင်ခွင့် မရတဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးသွားမယ်လို့ သူက ဆိုပါတယ်။