အိုင်စီအာစီ ထောင်ဝင်ခွင့်ရရေး တိုက်တွန်း

  • 6 ဇွန် 2011
ICRC

မြန်မာပြည်က အကျဉ်းထောင်တွေထဲကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC အမြန်ဆုံး ဝင်ရောက်ခွင့်ရသင့်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရတဲ့ NLD က သတင်းစာ ဆရာကြီး ဦးဝင်းတင်က သူထောင်ထဲမှာ နေခဲ့ရတုန်းက ICRC ဝင်ရောက်လာပြီးနောက် ထောင်တွင်း အခြေအနေ တိုးတက်လာတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းလာရုံတင်မက မိသားစုဝင်တွေဆီကို စာရေးခွင့်ရတာ၊ စာဖတ်ခွင့်ရတာ၊ သမံတလင်းပေါ်မှာ မအိပ်ရပဲ သစ်သား ကွပ်ပြစ်ပေါ်မှာ အိပ်လို့ရလာ တာတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။

တစ်ခါ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးတိတ်နိုင်ကလည်း ICRC ဝင်ရောက်ခွင့်ရစဉ်က အကျဉ်းထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုရဲ့ ၅၀ ရာခိုင်နှုန်းကို ICRC က တာဝန်ယူခဲ့တယ်လို့ ပြောပါတယ်။

Image caption ဂျွန်မက်ကိန်းက ICRC ဝင်ခွင့်ရရေး မြန်မာအစိုးရကို တောင်းဆိုခဲ့

ပြီးခဲ့တဲ့ သတင်းပတ်က မြန်မာပြည်ကို လာခဲ့တဲ့ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းကလည်း ICRC ဝင်ခွင့်ရရေး အတွက် မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

မြန်မာအစိုးရသစ်ရဲ့ ဒုတိယသမ္မတဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးကတော့ ကြက်ခြေနီအဖွဲ့ဟာ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်ခဲ့တဲ့အတွက် ပိတ်ပင်ခဲ့တာလို့ မစ္စတာ မက်ကိန်းကို ပြောခဲ့ပါတယ်။

ICRC ဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ထိ မြန်မာအကျဉ်းထောင်တွေထဲ ဝင်ရောက်ကူညီခွင့်ရခဲပေမယ့် ၂၀၀၅ မှာတော့ အစိုးရဘက်က ICRC ကို တစ်ဦးတည်း ဝင်ခွင့်မပေးပဲ ကြံ့ခိုင်ရေးအဖွဲ့နဲ့ တွဲဝင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်လုပ်ပြီး နောက်ပိုင်းမှာ ICRC အနေနဲ့ အကျဉ်းထောင်တွေထဲ့ ဝင်ခွင့် မရတော့ပါဘူး။

နောက်ပြီး ICRC ကိစ္စကို အဆင်ပြေတဲ့အချိန်မှာ စဉ်းစားဆောင်ရွက်မယ်လို့ ဦးတင်အောင်မြင့်ဦးက ပြောပေမယ့် ဘယ်တော့ဘယ်လို ဆောင်ရွက်မယ်ဆိုတာ မသိရသေးသလို အခုချိန်ထိတော့ ICRC ပြန်ဝင်ခွင့် မရသေးပါဘူး။

အခုလောလောဆယ်မှာတော့ ICRC ဟာ အကျဉ်းသားမိသားစုတချို့ကို ရပ်ဝေးအကျဉ်းထောင်တွေ သွားဖို့ ခရီးစရိတ်ပေးတာ၊ နောက်ပြီး မြန်မာကြက်ခြေနီအသင်းနဲ့ တွဲဖက်ပြီး မသန်စွမ်းသူတွေအတွက် ခြေတုလက်တု အကူအညီပေးတာမျိုးတွေ လုပ်နေတာ ရှိပါတယ်။

မြန်မာပြည်တွင်း အကျဉ်းထောင်တွေထဲက အကျဉ်းသားတချို့ကလည်း မကြာခင်ကာလတွေအတွင်း ICRC ပြန်ဝင်ခွင့်ရရေးကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။