ပဲခူး အလုပ်သမား ဆန္ဒပြ

  • 6 ဇွန် 2011
workers
Image caption မြန်မာပြည်မှ အထည်ချုပ် အလုပ်သမား အမျိုးသမီးများ

ပဲခူးမြို့မှာ ရှိတဲ့ ကိုရီးယား အမျိုးသားပိုင် ဦးထုပ် စက်ရုံမှာ အလုပ်သမား ၅၀ ကျော် က အလုပ်မလုပ်ဘဲ သပိတ်မှောက် ဆန္ဒပြ ကြပါတယ်။

တင်းကြပ်တဲ့ စက်ရုံ စည်းကမ်းတွေ ထုတ်ပြန်တာကို လက်မခံ နိုင်ကြတဲ့ အတွက် အခုလို ဆန္ဒပြခဲ့ ကြတာလို့ ဆိုပါတယ်။

အသစ် ထုတ်တဲ့ စည်းကမ်း အရ ကျန်းမာရေး အတွက် အပေါ့ အလေး သွားတာကို မနက် ၈ နာရီကနေ ၁၀ နာရီ အတွင်းမှာ သာ ပြုလုပ်ခွင့် ရှိပြီး ကျန် အချိန်မှာ ခွင့် မပြုဘူးလို့ ဆိုပါတယ်။ ကျန်တဲ့ အချိန်မှာ ကျန်းမာရေး ကိစ္စ ဆောင်ရွက်သူကို ဒဏ်ငွေ ၅၀၀ ကျပ် သတ်မှတ်ပါတယ်။

အချင်းချင်း အလုပ်ချိန် အတွင်း စကားပြောရင်လည်း ဒဏ်ငွေ ၅၀၀ ကျပ် သတ်မှတ်ပါတယ်။

အသစ်ထုတ်ပြန်တဲ့ အဲဒီစည်းကမ်းတွေအရ ဒဏ်ငွေ စတင် ဖြတ်တောက် ကောက်ယူချိန်က စပြီး အလုပ်သမားတွေက မကျေ မနပ် ဆန္ဒပြ သပိတ်မှောက်ခဲ့ ကြတာဖြစ်ပါတယ်။

အလုပ်သမား ဌာနနဲ့ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ညှိနှိုင်း ဆွေးနွေးပေးနေပေမဲ့ ပြေလည်မှု မရသေးပါဘူး။

မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိတိကျကျ ပြဌာန်း ကာကွယ်ပေးတာမျိုး မရှိသေးတဲ့ အတွက် အခုလို စည်းကမ်းချက်တွေဟာ ဥပဒေနဲ့ ညီမညီ အငြင်းပွားဖွယ် ဖြစ်နေပါတယ်။

ဒီနေ့ဟာ မြန်မာနိုင်ငံမှာ ဇွန်လ ၆ ရက် အလုပ်သမား အရေးအခင်းကြီး ဖြစ်ပွားခဲ့တာ ၃၇ နှစ်မြောက် နေ့ဖြစ်တဲ့ အတွက် ဆန္ဒပြ အလုပ်သမား ဟောင်းတွေကလည်း တွေ့ ဆုံစည်းဝေးပြီး သမ္မတ ဦးသိန်းစိန်ထံမှာ တောင်းဆိုချက် နှစ်ချက် ပေးပို့ခဲ့ပါတယ်။

အဲဒီတောင်းဆိုချက်တွေကတော့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေးနဲ့ ဇွန်လ ၆ ရက်ကို နိုင်ငံရေး အကျဉ်းသားများနေ့ အဖြစ် သတ်မှတ် ရေး ဖြစ်ပါတယ်။