လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့ အရေး ဆန်းစစ်

  • 7 ဇွန် 2011

ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ မြို့မှာ ကျင်းပနေတဲ လူ့ အခွင့် အရေး ကောင်စီ အစည်း အဝေးမှာ အီးယူ နိုင်ငံများက မြန်မာ့ အရေး စိတ်ဝင်စားကြတဲ့ သံတမန်တွေနဲ့ လူ့ အခွင့် အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက လက်ရှိ မြန်မာ့ လူ့အခွင့် အရေး အခြေ အနေတွေကို အင်္ဂါနေ့က တင်ပြ ဆွေးနွေးကြ ပါတယ်။

ဓာတ်ပုံ မူပိုင် UNHRC
Image caption ပြီးခဲ့တဲ့ အစည်း အဝေးတွေတုန်းက မြန်မာကို အဖွဲ့ဝင် နိုင်ငံတွေ အကြံပြု ခဲ့ကြ

ပြီးခဲ့တဲ့ ဇန္နဝါရီလ ဆွေးနွေးပွဲတွေ အပြီး အဖွဲ့ဝင် နိုင်ငံများက အကြံပြုချက်တွေ ထုတ်ဖော် ပြောဆိုခဲ့ကြပြီးတဲ့ နောက် ငါးလတာ ကာလ အတွင်း မြန်မာ နိုင်ငံ လူ့ အခွင့် အရေးနဲ့ ပတ်သက်လို့ အစိုးရ အနေနဲ့ ဥပဒေကြောင်း အရရော လက်တွေ့ လုပ်ဆောင်မှု အပိုင်းမှာပါ လေးနက်တဲ့ ဆောင်ရွက်မှု မတွေ့ခဲ့ရတာကို အဓိက တင်ပြ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ Burma Fund အဖွဲ့က ဒေါက်တာ သောင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံမှာ လူ့ အခွင့် အရေး အခြေ အနေတွေ ပိုဆိုးလာတာ တွေ့မြင်နေရတယ်၊ ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနာ ကိုယ်တိုင် မြန်မာ နိုင်ငံကို သွားရောက်ခွင့် တားမြစ် ခံထားရတာကို ကြည့်ရင် မြန်မာ အစိုးရ ဘက်က ပူးပေါင်း ဆောင်ရွက်မှု မရှိတာကို ပြသ နေတယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့ အခွင့် အရေး အခြေ အနေကို ဆန်းစစ်ပြီး နောက်ဆုံး ရလဒ် အပေါ် သဘောထားနဲ့ ရှေ့ဆက် ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာ တွေကို လည်း တင်ပြ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီလို အခြေ အနေကြောင့် နိုင်ငံ တကာကနေ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး မြန်မာ လူ့ အခွင့် အရေး အခြေ အနေတွေကို စုံစမ်း စစ်ဆေး ဖို့လည်း တိုက်တွန်း သွားမယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

လူ့အခွင့် အရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများက မေးခွန်းထုတ် ထားတာတွေနဲ့ အကြံပြု ထားတဲ့ အချက်ပေါင်း များစွာထဲမှာ မြန်မာ အစိုးရဘက်က တွေ့ဆုံ ဆွေးနွေးရေး အပါအဝင် အချက် ၇၀ လောက်ကို ငြင်းထားပြီး ၇၄ ချက်လောက်ကိုတော့ မူအားဖြင့် လက်ခံ စဉ်းစားမယ် ဆိုတဲ့ သဘောမျိုး တွေ့ရတယ်လို့ ဒေါက်တာ သောင်းထွန်းက ပြော ပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ ဆွေးနွေးပွဲတွေ အတွင်း မြန်မာ နိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးကြဖို့ အပါအဝင် အဖွဲ့ဝင် နိုင်ငံတွေရဲ့ အကြံ ပြုချက်တွေ အပေါ် မြန်မာ အစိုးရဘက်က သဘောထား တုံ့ပြန်ချက်ကို ဗုဒ္ဓဟူးနေ့မှာ တင်သွင်းဖို့ ရှိပါတယ်။