DKBA ၊KNU ပူးပေါင်းတပ်နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

  • 7 ဇွန် 2011
DKBA ဓာတ်ပုံ မူပိုင် afp
Image caption DKBA၊ KNU ပူးပေါင်းတပ်တွေက ကော့ကရိတ် မြို့ကို မကြာခဏ ဝင်တိုက်လေ့ရှိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အရှေ့တောင်ဖက်က ဒေါနတောင် အနောက်တောင် ဖက်ခြမ်းမှာ DKBA၊ KNU ပူးပေါင်းတပ်တွေနဲ့ အစိုးရတပ်တွေ အပြင်းအထန် တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း ၃ရင်း နယ်မြေ ရှင်းလင်းရေး လုပ်ရာမှာ DKBA ၊ KNU ပူးပေါင်းတပ်တွေ နဲ့ ၄ကြိမ် တိုက်ပွဲ ဖြစ်ခဲ့ပြီး အစိုးရဖက်က အထိအခိုက်တွေ ရှိခဲ့တယ်လို့ DKBA က ဗိုလ်ကျော်သက်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ထိခိုက် ဒဏ်ရာရမှုတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

တိုက်ပွဲ ဖြစ်နေတဲ့ ပစ်ခတ်သံတွေကို ကော့ကရိတ်မြို့ကပါ လှမ်းကြားနေရသလို တိုက်ပွဲ ဖြစ်နေရာ ဒေသက လူတွေကလည်း ဘေးကင်းရာကို ထွက်ပြေး တိမ်းရှောင် နေရတယ် လို့ ကော့ကရိတ် မြို့ခံတွေက ပြောပါတယ်။

နယ်မြေ ရှင်းလင်းရေး ဆိုပြီး အစိုးရတပ်တွေက DKBA ၊KNU ပူးပေါင်းတပ်တွေကို လိုက်လံ ရှာဖွေ တိုက်ခတ်နေတဲ့အတွက် ကျေးရွာ လူထု ဒုက္ခ ရောက်ကြရကြောင်း၊ ကျောင်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ ရပ်ထားရတာကြောင့် ပညာရေး၊ စီးပွားရေးတွေ ထိခိုက်နေရတယ်လို့ ကော့ကရိတ် မြို့ခံတဦးက ဘီဘီစီကို ပြောပါတယ်။

DKBA ၊KNU ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ကော့ကရိတ်မြို့ကို မကြာ ခဏ ဝင်ရောက် တိုက်ခိုက်တာတွေ ရှိခဲ့ပြီး မြဝတီ၊ ကော့ကရိတ် အဝေးပြေး လမ်းပေါ် မှာ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေဆီကနေ အဖွဲ့ ရံပုံငွေ ဆိုပြီး ငွေကောက်ခံတာတွေ လည်း ရှိပါတယ်။

ဒါ့ကြောင့် အစိုးရတပ်တွေက နယ်မြေ ရှင်းလင်းရေးအတွက် စစ်ဆင်ရေး လုပ်တာလို့ ဒေသခံတွေက ပြောပါတယ်။