လှိုင်သာယာမှာ အထည်ချုပ် စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

burmese workers
Image caption အရင်ကလည်း အလုပ်သမားတွေ အခုလိုပဲ အလုပ် မတက်ပဲ ဆန္ဒပြခဲ့ကြ

အလုပ်သမား ၃၀၀ ရှိတဲ့ ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံ Tailor Garment အထည်ချုပ် စက်ရုံမှာ တနင်္လာနေ့က စပြီး ဆန္ဒပြနေတာ အခုဆို ၂ရက်ကြာ ရှိသွား ပါပြီ။

ရတဲ့ လစာနဲ့ အလုပ်လုပ်ရတာ မတန်တဲ့အတွက် မကျေနပ်ကြ ရာကနေ အလုပ်သမား တစ်ရာ့ တစ်ဦး အလုပ်ချိန်မှာ အလုပ်မဆင်းပဲ စက်ရုံရှေ့ မှာ ရပ်ပြီး ဆန္ဒပြ ခဲ့ကြတာပါ။

လုပ်ခလစာ နည်းလွန်းတာအပြင် ၂လ တိတိ တနင်္ဂနွေ ပိတ်ရက် လုံးဝ မရတာမျိုး၊ တနေ့ကို အချိန်ပိုကြေး သုံးနာရီ လုပ်ရပြီး အချိန်ပို တစ်နာရီကို ၄၅ ကျပ်နှုန်းနဲ့ပဲ ရှင်းပေးတာမျိုးတွေ ရှိနေပြီး အဆိုးဝါးဆုံးနဲ့ မကျေနပ်မှုတွေကို ဖြစ်ပေါ်လာစေတဲ့ အဓိက အချက်ကတော့ တစ်ရက်ကို မိုးကာဖျင် အထည် လေးရာ မချုပ်နိုင်ရင် လစာဖြတ်တာမျိုး ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူက ဘီဘီစီ ကို ပြောပါတယ်။

အလုပ်သင်တွေကို ရတဲ့ လစာနဲနဲထဲက ကျပ် ၅၀၀၀ လစဉ် ဖြတ်တာမျိုးလည်း လုပ်လေ့ ရှိသလို ကျွမ်းကျင် လုပ်သားတွေကိုလည်း ဖိအားပေး ခိုင်းစေနေတဲ့ အတွက် အလုပ်သမား တွေ ပို မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက တစုံတရာ ဖြေရှင်းမှု မရှိသေးဘူးလို့ သိရပါတယ်။

အခြေခံ လစာက ကျပ်၂သောင်းကနေ ၃သောင်း ကြား ဖြစ်ပြီး ကျွမ်းကျင် လုပ်သားကိုတော့ ကျပ် ၇သောင်း ပေးပါတယ်။

တကယ်တော့ ဒီပြဿနာဟာ အလုပ်သမား ဥပဒေရဲ့ စီရင်ပိုင်ခွင့်ထဲမှာ မရှိတဲ့ စီမံ ခန့်ခွဲမှု ဆိုင်ရာ ဖြစ်တဲ့အတွက် စုပေါင်း ငြင်းဆိုပိုင်ခွင့်နဲ့ စုပေါင်း ဆုံးဖြတ်ခွင့် ရရေးကို အသိအမှတ် ပြုဖို့ အလုပ်သမား ညွန်ကြားရေးမှူး ဦးစီးဌာနကိုလည်း ဆက်တင်ပြမယ်လို့ ဆိုပါတယ်။