စိစစ်ရေး မူသစ် ပြောင်း ပေမဲ့ သိပ်မထူး

  • 8 ဇွန် 2011

မြန်မာ နိုင်ငံမှာ ဂျာနယ်၊ မဂ္ဂဇင်းတွေ ထုတ်ဝေတဲ့ အခါ လိုက်နာရတဲ့ စာပေ စိစစ်ရေး မူဝါဒတွေကို အစိုးရသစ် တက်ပြီး နှစ်လကျော် အကြာမှာ ပြင်ဆင် လာတာ တွေ့ရ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption စိစစ်ရေးမူ ပြောင်းတဲ့ အထဲ သတင်း ဂျာနယ်တွေ မပါ

ရန်ကုန် သိမ်ဖြူလမ်းက ပြန်ကြားရေး ဝန်ကြီး ဌာန ပုံနှိပ်ရေးနဲ့ စာအုပ် ထုတ်ဝေရေး ရုံးမှာ စာပေ စာနယ်ဇင်း လောကက ပုံနှိပ် လုပ်ငန်းရှင်တွေ၊ ထုတ်ဝေသူ တွေနဲ့ သတင်း ဂျာနယ် အသီးသီးက အယ်ဒီတာနဲ့ သတင်းထောက် တွေ ကို ခေါ်ယူပြီး မဆိုစလောက် လွတ်လပ်ခွင့် အတွက် တာဝန်ယူရမယ့် အပိုင်း တွေကို ဦးဆောင် ညွှန်ကြားရေးမှူး ဦးရဲတင့်က အကျယ်တဝင့် ရှင်းပြခဲ့ ပါတယ်။

အဲဒီ ရှင်းလင်းပွဲကို လူပေါင်း တစ်ထောင် နီးပါး တက်ရောက် ခဲ့ကြတယ်လို့ ကိုယ်တိုင် သွားရောက် ခဲ့သူ တွေက ပြောပါတယ်။

ဇွန်လ ၁၀ ရက်နေ့က စပြီး အနုပညာ၊ ကျန်းမာရေး၊ အားကစား၊ နည်းပညာနဲ့ ကလေးသူငယ် ဆိုင်ရာ အကြောင်း အရာတွေပါတဲ့ ဂျာနယ်မဂ္ဂဇင်းတွေကို အရင် တုန်းကလို စာပေစိစစ်ရေးကို တင်ပြပြီးမှ ထုတ်ဝေ ရတဲ့ စည်းကမ်းကနေ အခုတော့ စိစစ်ရေး မတင်ဘဲ ထုတ်ဝေ ဖြန့်ချိ နိုင်တယ်၊ ပြီးမှ စိစစ် ရေးကို တင်ပြ နိုင်တယ်လို့ ခွင့်ပြု လိုက်တာ ဖြစ်ပါတယ်။

ထုတ်ဝေခဲ့ပြီး စာစောင် နဲ့ ဂျာနယ်တွေထဲမှာ တိုင်ကြားတာတွေရှိလာမယ်၊ တစုံတရာ ပြဿနာ တက်လာမယ် ဆိုရင်တော့ ပြန်ကြားရေး ဝန်ကြီးဌာန ပါဝင်တဲ့ အဖွဲ့က စည်းကမ်း ချိုးဖောက်မှု ရှိမရှိ စုံစမ်းမှာ ဖြစ်တယ်လို့ ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ သတင်း ဂျာနယ် တစ်ခုက အယ်ဒီတာ တစ်ယောက်က ပြောပါတယ်။

အဲဒီ စုံစမ်းမှု အရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင်တော့ ဒဏ်ငွေရိုက် အရေးယူ နိုင်ဖို့ ဂျာနယ်၊ မဂ္ဂဇင်း သို့မဟုတ် ထုတ်ဝေသူ တစ်ယောက်ယောက်က အာမခံကြေး ငွေကျပ် သိန်း ၅၀ ပေးသွင်း ထားရမှာ ဖြစ်တယ်၊ နောက်တဆင့် စည်းကမ်း ချိုးဖောက်တယ်လို့ သတ်မှတ် ခံရရင်တော့ တင်ထားတဲ့ အာမခံငွေထဲကနေ ဒဏ်ကြေး ပေးဆောင်ရမှာ ဖြစ်ပြီး မူလ ထားရှိတဲ့ ကျပ်ငွေ သိန်း ၅၀ ပြည့်အောင် လည်း ငွေတွေ ပြန်ဖြည့် ပေးထားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒဏ်ငွေရိုက် အရေးယူရုံသာ မက တရားရုံးကိုပါတင်ပြီး တရားစွဲ အရေးယူ ခံရနိုင်တဲ့ အထိလည်း ဖြစ်လာ နိုင်တယ်လို့ အဲဒီ အယ်ဒီတာကပဲ ဆက် ပြောပါတယ်။

စည်းကမ်း ချိုးဖောက်မှု ရှိမရှိ ဆိုတာကိုတော့ မကြာခင် ထုတ်ပြန်မယ့် စည်းကမ်း ကန့်သတ်ချက် ၁၂ ချက်ကို စံထားပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြင်ဆင်မယ့် စိစစ်ရေး မူသစ်တွေ ထဲမှာ သတင်းဂျာနယ်၊ စီးပွားရေး ဂျာနယ်၊ မဂ္ဂဇင်းနဲ့ ရသ ဝတ္တု စတာတွေ မပါဝင်ဘဲ အရင်အတိုင်း စိစစ်ရေးကို အရင်တင်ပြီး ခွင့်ပြုချက်ရမှသာ ထုတ်ဝေနိုင်မှာ ဖြစ်လို့ အပြောင်း အလဲ မရှိပါဘူး။

ပြောင်းလဲမယ် ဆိုတဲ့ စိစစ်ရေး မူဝါဒတွေ မှာ ထူးခြားကောင်းမွန်မှုတွေ ရှိလာလေမလားလို့ မျှော်လင့်ခဲ့ကြတဲ့ စာရေးသူတွေ၊ သတင်း ဂျာနယ်သမားတွေကတော့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ရှင်းလင်း ချက် အပေါ် စိတ်ပျက် ခဲ့ကြတယ်လို့ အဲဒီ ရှင်းလင်းပွဲ တက်ရောက် ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။