ဖားရိုက်ထွက်တဲ့ သားအဖ တွေကို အစိုးရတပ်က ပစ်ခတ်

  • 8 ဇွန် 2011
ဓာတ်ပုံ မူပိုင် AP
Image caption မြို့ပေါ်မှာလည်း မြန်မာ အစိုးရ စစ်တပ်ရဲ့ ပစ်ခတ်မှု ရှိ

ရှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲက ဒေသခံ သားအဖ သုံးယောက် ဖားထွက်ရိုက်ရင်း ရွာမှာ ကင်းလှည့်နေတဲ့ မြန်မာ အစိုးရ စစ်တပ်က တပ်သားက သေနတ်နဲ့ ပစ်လိုက်လို့ အဖေဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားပြီး သား၂ ယောက်က ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

ရှင်ကာလိ မြို့နယ်ခွဲ ရပ်ကွက် ၆ က အသက် ၄ဝ ကျော် စိုင်းတိဟာ ဆယ်ကျော်သက် အရွယ်ရှိတဲ့ သူ့သား ၂ ယောက်နဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ ညမှာ မိုးရွာလို့ ဆိုပြီး ရွာအရှေ့ဘက်က ရေစပ်တွေမှာ ဖားထွက်ရိုက်ရင်း ရွာအနီးတဝိုက်မှာ ကင်းလှည့်နေတဲ့ ကာလိ အခြေစိုက်က ခြေမြန် တပ်ရင်း ခမရ (၂၉၆) က တပ်သားတွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာလို့ သိရပါတယ်။

ဒီ ခမရ ၂၉၆ ကို ပြီးခဲ့တဲ့ နှစ်ဦးပိုင်း အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တည်ဆောက်တဲ့ အချိန်ကနေ စပြီး ခမရ ၁၅၁ အဖြစ်နဲ့ ပြောင်းလဲ ခေါ်ဝေါ် ထားတယ်လို့ သိရပါတယ်။

ဒေသခံတွေ ပြောပြာတာတော့ အဲဒီ မြန်မာ အစိုးရ တပ်သားတွေဟာ အဲဒီသားအဖ သုံးယောက်ဟာ သူတို့ ဒေသခံမှန်း ပြောရက်သားနဲ့ တမင်သေနတ်နဲ့ ပစ်လိုက်တာ ဖြစ်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

သူတို့ ဖားသွားရိုက်ပြီး အပြန်မှာ ကင်းပုန်းဝပ်နေတဲ့ ၂၉၆ က တပ်သားကနေ သူတို့ကို ဘယ်သူလဲဆိုပြီး လှမ်းအော်တဲ့အခါ သူတို့ကလဲ ရွာသားပါလို့ ပြန်ပြောခဲ့ ပေမယ့်

သူတို့ကို သေနတ်နဲ့ ပစ်ခံရပြီး သူ့အဖေကို ထိသွားတာကြောင့် ကျန်တဲ့ သား ၂ ယောက် က ကိုယ်လွတ်ရုံးပြီး ထွက်ပြေး ခဲ့ရတယ်လို့ ဒေသခံ တယောက်က ဘီဘီစီကို ပြန်ပြောပြခဲ့ပါတယ်။

သူတို့အဖေ ကျန်ခဲ့မှန်း သိပေမယ့် ဘယ်လိုကျန်ခဲ့မှန်းမသိဘဲ နောက်နေ့ မနက်မှာ သွားကြည့်တော့ အဲဒီနေရာမှာ သူတို့အဖေ သေနေတာတွေ့တယ်လို့ ဆိုပါတယ်။

သူ့သား၂ ယောက်ထဲက ၁ ယောက်က ညာဘက်ပါးမှာ တော်တော်လေး စုတ်ပြတ်သွားပြီး လက်ပြင် နောက်ကျောမှာ ထိသွားတယ်လို့လည်း ဒေသခံ ရွာသား တယောက်က ပြောပါတယ်။

သေသွားတဲ့ ဖခင်ဖြစ်သူ စိုင်းတိကို နောက်တရက် ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ မိသားစု၀င် တွေက သက်ဆိုင်ရာ ရွာလူကြီးတွေနဲ့ အတူ သူ့အလောင်းကို သွားယူပြီး အဲဒီနေ့မှာတင် ဆွေမျိုးသားချင်းအချို့နဲ့ ရပ်ရွာက ကူညီပြီး အဲဒီနေ့မှာ သဂြိုလ် လိုက်တယ်လို့ ပြောပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ သား ၁ ယောက်ကိုတော့ လွိုင်လင်မြို့မှာ ဆေးကုသမှု ပေးနေပြီး နောက်တယောက် ကိုတော့ ရွာက ဆေးရုံမှာပဲ ကုသထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်က တာဝန်ယူပေးတာ မရှိတဲ့အပြင် မိသားစုဝင်တွေ ကိုပါ သတင်း မပေါက်ကြားစေဖို့ ပြောလိုက်တယ်လို့ ဒေသခံက ပြောပါတယ်။

အခု အခင်းဖြစ်ပွားတဲ့ ကာလိဒေသဟာ မြန်မာ အစိုးရ စစ်တပ်အပြင် အက်စ်အက်စ်အေ ပြည်သူ့စစ် အဖွဲ့နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်တဲ့ အက်စ်အက်စ်အေ တပ်ဖွဲ့တို့ လှုပ်ရှားနေကြတဲ့ အတွက် အဲဒီနေရာမှာ လူသတ်မှု၊ ဗုံးခွဲမှု၊ ပစ်ခတ်မှုတွေနဲ့ ချုံခို တိုက်ခိုက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားတဲ့ နေရာ ဖြစ်ကြောင်း သိရပါတယ်။