ရေလုပ်သား တချို့ ဌာနေ ပြန်ရောက်

  • 9 ဇွန် 2011

ပြီးခဲ့တဲ့ မတ်လက ဖျာပုံ မြို့နယ် ကမ်းလွန် ပင်လယ်ပြင်မှာ လေပြင်း မုန်တိုင်းဒဏ် ခံခဲ့ကြရပြီး သီရိလင်္ကာ နိုင်ငံ အထိ ရောက်သွားခဲ့ကြတဲ့ ငါးဖမ်းလုပ်သား ၁၄ ယောက်ဟာ ကြာသပတေးနေ့က ဖျာပုံမြို့ကို ပြန်ရောက်သွား ပြီဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့ ဧပြီလက ထိုင်းနိုင်ငံကနေ ပြန်ရောက် လာကြတဲ့ ရေလုပ်သားများ

သီရိလင်္ကာ ပင်လယ်ပြင်ကို မျောပါသွားတဲ့ အဲဒီ ကျားဖေါင် ငါးဖမ်း ရေလုပ်သား တွေဟာ အစိုးရ အစီအစဉ်နဲ့ ရန်ကုန်မြို့ကို ဗုဒ္ဓဟူး နေ့က ပြန်ရောက် လာပြီး ငါးလုပ်ငန်း အသင်းရဲ့ အစီအစဉ်နဲ့ နောက်တစ်နေ့မှာ ဖျာပုံမြို့ကို ပြန်ပို့ လိုက်တာလို့ ငါးလုပ်ငန်း အသင်း ဒုတိယ ဥက္ကဌ ဦးနှင်းဦးက ပြောပါတယ်။

ရေလုပ်သားတွေကို အဝတ် အစားတစ်စုံစီနဲ့ ကောက်ခံ ရရှိတဲ့ အလှူငွေ တွေပေးလိုက်ရုံသာမက စရိတ်စကပါ အကုန်ခံပြီး အိမ်တိုင်ရာရောက် ပိုပေးတာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အန္ဒိယ နိုင်ငံကိုလည်း ရေလုပ်သား ၁၃ဝ ရောက်နေပြီး အစိုးရ အစီအစဉ်နဲ့ ပြန်ခေါ်ဖို့ လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရရှိတဲ့ အချက်အလက် တွေ အရ ရေ လုပ်သား ၅ဝဝ နီးပါး ပျောက်ဆုံး နေတုန်း ဖြစ်ပါတယ်။