အနှိပ်ခန်းတွေ ပိတ်ရပြီ

  • 9 ဇွန် 2011

ရန်ကုန်တိုင်း အစိုးရဲ့ အမိန့်နဲ့ အနှိပ်သည်ခန်း တွေကို ပိတ်ပင်လိုက်ပါတယ်။

ဒါ့အပြင် အထူး စီမံချက် အရ ဘော်လုံးလောင်း ကစားနဲ့ နှစ် လုံးထီ၊ သုံး လုံးထီ လောင်းကစား မှုတွေကိုလည်း တချိန်တည်းမှာပဲ အစိုးရက နှိမ်နင်း နေပါတယ်။

Image caption ရိုးရိုးသားသား အနှိပ်ခန်းတွေကို လိုင်စင်ပေးသင့် တယ်လို့ ပြောတာ တွေလည်း ကြားရ

မကြာသေးခင် နှစ်တွေ အတွင်း ရန်ကုန်နဲ့ မြို့ကြီး တချို့မှာ အနှိပ်ခန်းတွေ များပြား လာတာ တွေ့မြင်နေရပါတယ်။

အလှပြင်ခန်း၊ ဆံပင်ညှပ်ခန်းတို့နဲ့ တွဲဖက်ပြီး ဖွင့်လှစ်ကြတဲ့ အနှိပ်ခန်းတွေမှာ တချို့ကတော့ ရိုးရိုးသားသား အလုပ်လုပ်ကြတာ ဖြစ်ပေမဲ့ တချို့ကတော့ လိင် အရောင်း အဝယ် ပါ တွဲဖက် လုပ်ကိုင် ကြတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အဲဒီလို အနှိပ်ခန်းတွေကလည်း ရန်ကုန်မှာ ရာနဲ့ ချီပြီး ရှိတယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။ အနှိပ်ခန်းတွေမှာ များသောအားဖြင့် နယ်ကလာ အလုပ်လုပ်တဲ့ မိန်းကလေးတွေ များတာကြောင့် အခုလို အရေးယူ ဆောင်ရွက်တဲ့ အတွက် အလုပ်သမား ငါးထောင်ကနေ တစ်သောင်း လောက်အထိ အလုပ်လက်မဲ့ ဖြစ်သွား နိုင်တယ်လို့ ခန့်မှန်းရ ပါတယ်။

အနှိပ်ခန်း တချို့ကတော့ ဝမ်းစာရေး အတွက် သိပြီးသား ဖောက်သည် အဟောင်းတွေ ကို ခိုးပြီး လက်ခံတယ်လို့ ပိုင်ရှင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အခု စီမံချက် အသစ်နဲ့ အရေးယူမယ် ဆိုတဲ့ အတွက် အရင်က ည နှစ်နာရီ သုံးနာရီ အထိ ဖွင့်ခဲ့ကြတဲ့ ကာရာအိုကေ ဆိုင်တွေ ဟာ အခု ည ၁၁ နာရီ လောက် အထိပဲ ဖွင့်ခွင့် ရတော့တယ်လို့ အဲဒီဆိုင်တွေကို သွားရောက် သူတွေက ပြောပါတယ်။

ဘော်လုံး လောင်းကစားဒိုင် တွေနဲ့ ချဲဒိုင် တွေကိုလည်း ပိတ်လိုက်တဲ့ အတွက် ရပ်ကွက်တွေ ထဲမှာ အတော်လေး နည်းပါး သွားပြီး ကြိတ်ဝိုင်း တွေ လောက်ဘဲရှိတော့တယ်၊ ဖမ်းတာ ဆီးတာတွေတော့ မတွေ့ သေးဘူးလို့ မြို့ခံ တွေက ပြောပါတယ်။