ဒေါက်တာမြတ်ဉာဏစိုးအမှုနိုင်

  • 10 ဇွန် 2011
NDF ပါတီအမှတ်တံဆိပ်
Image caption NDF ပါတီအမှတ်တံဆိပ်

ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ်၄ အမျိုးသားဒီမိုကရေစီအင်အားစုရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးကို သူ့ရဲ့ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုယ်စားလှယ် တက္ကသိုလ်မြတ်သူက မတရားမဲဆွယ်မှု မဲမသာမှုတွေ လုပ်တယ်ဆိုပြီး တိုင်ကြားတဲ့ အမှုကို နေပြည်တော်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ဆုံးဖြတ်ရာမှာ ဒေါက်တာမြတ်ဉာဏစိုးကို အနိုင်ပေးလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၁၀ရက်နေ့စစ်ဆေးချက်အရ ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုယ်စားလှယ် တက္ကသိုလ်မြတ်သူရဲ့တိုင်တန်းချက်ဟာ သက်သေမခိုင်လုံတဲ့အတွက် ဒေါက်တာမြတ်ဉာဏစိုးကိုအနိုင်ပေးလိုက်ပြီး တက္ကသိုလ်မြတ်သူက ဒေါက်တာမြတ်ဉာဏစိုးကို နစ်နာကြေး ရုံးစရိတ် ၅သိန်းလျော်ရမယ်လို့ ရွေးကောက်ပွဲကော်မရှင်ကဆုံးဖြတ်လိုက်ပါတယ်။ တဖက်က စွပ်ဆွဲချက်တွေကို ရွေးကောက်ပွဲကော်မရှင်က မှန်မှန်ကန်ကန်စစ်ဆေးပေးတဲ့အတွက် အနိုင်ရတာဖြစ်တဲ့အကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ဘီဘီစီကိုပြောပါတယ်။

ဒေါက်တာ မြတ်ဉာဏစိုး ဘက်ကတော့ နစ်နာကြေး ၅သိန်းကို မယူပဲ ရှော်ပေးလိုက်တယ်လို့ပြောပါတယ်။ ဒီလိုအလားတူပဲ ရွေးကောက်ပွဲမှာ ရှုံးနိမ့်တဲ့ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲကော်မရှင်ကိုတိုင်တန်းတဲ့အမှုပေါင်း ၂၉ မှုရှိတဲ့အကြောင်း ဒေါက်တာမြတ်ဉာဏစိုးအမှုကို လိုက်ပါကူညီပေးတဲ့ ရှေ့နေဦးမြင့်သွင်က ဘီဘီစီကိုရှင်းပြပါတယ်။

ခုလို တိုင်တန်းတဲ့အမှု ၂၉ မှုမှာ ၆မှု စစ်ဆေးပြီးခဲ့ပြီး ၅မှုမှာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရှုံးနိမ့်ကာ ကျန်တမှုကလည်း အန်ဒီအက်ဖ်ပါတီအမတ်လောင်းဘက်က ဆက်လက်မယှဉ်ပြိုင်တော့ပဲ အမှုကို အဆုံးသတ်လိုက်လို့ ပြီးပြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်ခင်များ။