ဆီးရီးယား စစ်တပ်က သူပုန်မြို့မှာ စစ်ဆင်ရေးစတင်

  • 10 ဇွန် 2011

အခု သီတင်းပတ်ဆန်း ပိုင်းက ဆီးရီးယား နိုင်ငံ ဂျားစ် အယ်လ် ရှာဂေါ့ မြို့မှာ လုံခြုံရေး အရာရှိ ၁၂၀ ကို သတ်ဖြတ်ခဲ့ တယ် ဆိုတာ အပေါ် ပြန်လည် လက်တုံ့ပြန်မယ် လို့ ပြောဆိုပြီး ဆီးရီးယား စစ်တပ်က အဲဒီမြို့ကို ဝင်ရောက် လာခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယား အစိုးရရဲ့ ကို ကန့်ကွက် ဆန္ဒပြနေကြ

ဆီးရီးယား ရုပ်မြင် သံကြား မှာတော့ အဲဒီမြို့မှာ ဥပဒေ စိုးမိုးရေး ပြန်လည် ဆောင်ကျဉ်းနိုင်ဖို့ စစ်တပ်က စစ်ဆင်ရေးတွေ စတင် နေပြီလို့ ကြေညာခဲ့ ပါတယ်။

ဒေသခံတွေရဲ့ တောင်းဆိုမှု အရ ဆီးရီးယား အာရပ် စစ်တပ်ရဲ့ တပ်စု တွေဟာ အနီး ဝန်းကျင်က ရွာတွေကို ထိန်းချုပ်ဖို့နဲ့ အကြမ်းဖက် သမားတွေကို ဖမ်းဆီးဖို့ ဂျားစ် အယ်လ် ရှာဂေါ့ မြို့မှာ သူတို့ တာဝန်တွေကို စတင် ထမ်းဆောင် နေပြီလို့ ကြားဖြတ် သတင်း အနေနဲ့ ဆီးရီးယား ရုပ်မြင်သံကြားမှာ ကြေညာ သွား တာပါ။

ဒါ့အပြင် စစ်တပ်ရဲ့ စစ်ချီလာမှုကို နှောင့်နှေး သွားစေရေး အတွက် သေနတ် သမားတွေက ကောက်ပဲ သီးနှံတွေ၊ သစ်ပင်တွေကို မီးရှို့ ခဲ့ကြတယ်လို့လည်း ထည့်သွင်း ကြေညာခဲ့ ပါတယ်။

အတိုက်အခံ အင်တာနက် စာမျက်နှာတွေ မှာတော့ အဲဒီ ဒေသမှာ ပြင်းထန်တဲ့ သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ဖော်ပြကြ ပါတယ်။

အစိုးရရဲ့ နှိပ်ကွပ်မှုတွေကို အိမ်နီးချင်းတွေ ဝေဖန်

ဓာတ်ပုံ မူပိုင် none
Image caption တူရကီ နိုင်ငံတွင်းကို နယ်စပ် ဖြတ်ကျော် ဝင်လာ သူတွေ ထောင်ချီရှိ

ဆီးရီးယား အစိုးရက ဆန္ဒပြသူ တွေကို အကြီး အကျယ် နှိမ်နင်းမှုတွေ ဆက်လုပ်နေတဲ့ အတွက် အိမ်နီးချင်း တူရကီ နိုင်ငံက ဝေဖန်လာနေပါပြီ။ ရက်စက် ကြမ်းကြုတ်မှုတွေလို့ တူရကီဘက်က ဆိုတဲ့ ဆီးရီးယားရဲ့ လုပ်ရပ်တွေကြောင့် ဆီးရီးယား သမ္မတ အာဆတ်ကို ဆက်ပြီး ကာကွယ် ပြောဆို မနေနိုင် တော့ဘူးလို့ တူရကီ ဝန်ကြီးချုပ် ရီဆက်ပ်တာရိပ် အာဒိုဂန်က ပြောပါတယ်။

ဆီးရီးယား သမ္မတ အာဆတ်နဲ့ ရင်းနှီးမှုကို အကြောင်းပြုပြီး၊ ဆီးရီးယား အစိုးရကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ တူရကီ ဘက်က ဖျောင်းဖြ နေတာ ရက်သတ္တပတ် အတော် ကြာခဲ့ ပါပြီ။

တချိန်တည်း မှာပဲ နိုင်ငံတကာ မိသားစုကိုလည်း စိတ်ရှည်ရှည် ထားဖို့တူရကီက ဆိုနေခဲ့တာပါ။ ဒါပေမဲ့ ဆီးရီးယား အစိုးရက ဆန္ဒပြသူတွေကို ထပ်ခါတလဲလဲ တိုက်ခိုက်မှုတွေ လုပ်လာတဲ့ အခါ မှာတော့ တူရကီဘက်က ရပ်တည်ချက် ပြောင်းလဲ သွားပြီး ဝေဖန်မှုတွေ တစထက် တစပိုလုပ် လာပါတယ်။

ဆီးရီးယား ဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် သုံးထောင်လောက် အထိရှိလာတဲ့ အချိန်မှာတူရကီဝန်ကြီးချုပ်က အခုချိန်အထိ မပြောဖူး သေးတဲ့ ပြင်းထန်တဲ့ စကားလုံး တွေကို သုံးလာ ပါတယ်။

ဆီးရီးယားအစိုးရက ရက်စက် ကြမ်းကြုတ်မှု တွေကျူးလွန် နေတာကို လက်မခံနိုင်ဘူးလို့ သူကဆိုခဲ့ တာပါ။

နှစ်နိုင်ငံ ဆက်စပ်မှု အခြေ အနေ

ဆီးရီးယားနဲ့ တူရကီ နှစ်နိုင်ငံ နယ်စပ်မျဉ်းဟာ ကီလိုမီတာ ၉၀၀ လောက် ရှည်လျားပြီးမကြာသေးခင် နှစ်တွေ အတွင်း ကုန်သွယ်ရေး တိုးတက်အောင် တူရကီဘက်က အကြီးအကျယ် အားပေးခဲ့ ပါတယ်။

သမ္မတ အာဆတ် သာပြုတ်ကျရင်၊ အရှုပ် အထွေးတွေ ဖြစ်လာမှာ စိုးရိမ်တယ်လို့ တူရကီ အရာရှိတွေက တဖက်မှာ ပြောနေပေမဲ့ နောက် တဘက်မှာတော့ အတိုက် အခံဘက်ကို တိတ်တဆိတ် အကူအညီ ပေးတာတွေ စလုပ်လာပါတယ်။

တစ်ယောက် တစ်မျိုးစီလို ဖြစ်နေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေကြား ပိုပြီး ညှိညှိ နှိုင်းနှိုင်း လုပ်လာနိုင်အောင် တွေ့ဆုံဆွေးနွေး ပွဲ တစ်ခုကို ဇွန်လဆန်းပိုင်း တုန်းက တူရကီနိုင်ငံမှာ လုပ်ခွင့် ပေးခဲ့ပါတယ်။

တူရကီအနေနဲ့ အစိုးရိမ်ဆုံး ကိစ္စတခုက ဆန္ဒပြမှုတွေကြောင့် ဆီးရီးယား နိုင်ငံထဲမှာ ရှိတဲ့ ကာ့ဒ်လူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ မတည် မငြိမ်ဖြစ်လာ မှာကိုပါ။

အဲဒီလို ဖြစ်လာရင် တူရကီ ဘက်မှာလည်း မတည်ငြိမ်လှတဲ့ ကာ့ဒ်ဒေသကို ပြဿနာတွေ ကူးစက်လာနိုင် တယ်လို့ ဘီဘီစီ သတင်းထောက် ဂျိုနသန်ဟက်က သုံးသပ် ပါတယ်။