ထောင်ဒဏ်နှစ်ရှည် ကျသူများ အတွက် Amnesty လှုပ်ရှား

  • 11 ဇွန် 2011
Image caption သူတို့အကြောင်းကို ကြားရတဲ့ လူတွေဟာ တုန်လှုပ် သွားကြပါတယ်

မြန်မာနိုင်ငံမှာ နိုင်ငံရေးကြောင့် နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတဲ့ ကိုဌေးကြွယ်၊ မမီးမီးနဲ့ ကိုဇော်သက်ကိုကို တို့ကို ပြန်လွှတ်ပေးဖို့ အတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ Canterbury အဖွဲ့ခွဲက စုပေါင်းလက်မှတ်ထိုးလွှာတွေ စတင်စုဆောင်းနေပါတယ်။

Amnesty International အဖွဲ့ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပြီး၊ ဗြိတိန်မှာ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ အဖွဲ့ခွဲတွေကို မြန်မာနိုင်ငံရေး အကျဉ်းသားတွေအရေးကို အများပြည်သူတွေသိအောင် လှုံ့ဆော်ပေးဖို့ နာမည်တွေ ခွဲဝေပေးထားတာ ရှိပါတယ်။

ကန်တဘူရီအဖွဲ့ဟာ ဒီနိုင်ငံရေး အကျဉ်းသားသုံးဦးအတွက်အဓိက ဆောင်ရွက်ပေးဖို့ တာဝန်ယူထားပြီး၊ သူတို့သုံးဦးရဲ့ ရုပ်ပုံပါတဲ့ ပိုစတာတွေကို အဝေးပြေး ကားလမ်းမဘေးမှာ စိုက်ထူတာ၊ ကန်တဘူရီ ဘုရားရှိခိုးကျောင်းမှာ သူတို့အကြောင်း ဟောပြော တာမျိုးတွေ လုပ်ခဲ့ပါတယ်။

ဒီလူတွေ လွတ်မြောက်ရေးအတွက် စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုလွှာတွေကို လန်ဒန် မြို့ မြန်မာသံရုံးကို အရင်ကလည်း ပေးပို့ဘူးပြီး အခုတော့ ဒုတိယအကြိမ် လက်မှတ်တွေ စုဆောင်းနေတာ ဖြစ်ပါတယ်။

ကန်တာ့ဘူရီမှာရှိတဲ့ ဗြိတိန်နိုင်ငံသားတွေ အနေနဲ့ သံဃာတွေဦးဆောင်တဲ့ ၂၀၀၇ ဆန္ဒပြမှုမှာ ပါဝင်လို့ဆိုပြီး ထောင်ဒဏ် ၁၁ နှစ်ကနေ ၆၅ နှစ်အထိ အပြစ် ပေးခံရတဲ့ ကိုဌေးကြွယ်၊ မမီးမီးနဲ့ ကိုဇော်သက်ကိုကိုတို့ရဲ့ အဖြစ်ကို ကြားရတော့ဘယ်လို တုန့်ပြန်ကြသလဲဆိုတာကို Canterbury AI အုပ်စုက ပြောခွင့်ရသူ Susan Janning ကခုလိုပြောပါတယ်။

'' သူတို့ဟာထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ လုံးဝကိုတုန်လှုပ်သွားကြတာပါ။ လက်မှတ်ထိုး တဲ့ နေရာနားမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓါတ်ပုံပိုစတာတွေ ကပ်ထားပါတယ်။ သူတို့ ဘာကြောင့်အဖမ်းခံနေ ရတယ် ဆိုတာကိုလည်း အကျဉ်းချုပ် ဖော်ပြထားပါတယ်။ သူတို့အကြောင်းကို သိရတော့ လူတွေဟာအတော် ကို စိတ်မကောင်း ဖြစ်ကြပါတယ်။ မီးမီးဆိုရင် သူ့ယောက်ျားနဲ့ ကလေးထောင်ဝင်စာလာတွေ့တာကို အာဏာ ပိုင်တွေကခွင့်မပြုခဲ့ပါဘူး။ အဲဒီအခြေအနေကို သိကြရတဲ့နောက်ပိုင်း လူတွေဟာ ချက်ချင်းပါဝင်လက်မှတ် ထိုးကြတာပါဘဲလို့ '' Susan Janning ကပြောပြပါတယ်။

သူတို့စုဆောင်းရရှိတဲ့ လက်မှတ်တွေဟာ အများကြီး မဟုတ်ရင်တောင်မှ၊ မြန်မာအစိုးရဟာ သူတို့လုပ်ရပ်အပေါ် ကမ္ဘာက ဒီလောက်မနှစ်မြို့နေကြဘူး ဆိုတာကိုတော့ သိနိုင်လိမ့်မယ်လို့ သူကဆိုပါတယ်။

ကန်တဘူရီ AI အဖွဲ့ရဲ့ လှုပ်ရှားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံ နေရတုန်းက သူလွတ်မြောက်ရေးအတွက် ၁၃ နှစ် အရွယ် ဗြိတိသျှ ကျောင်းသူလေးတဦးက ရံပုံငွေရှာပွဲတွေ ပါဝင်ဆောင်ရွက်ပေးခဲ့သလို၊ အခုအခါလွတ် မြောက်လာကြပြီဖြစ်တဲ့ ဦးစောနိုင်းနိုင်း၊ ကိုစိုးအောင်နဲ့ ကိုအောင်ထွန်းတို့ အတွက်လည်း ဒီအဖွဲ့က အလားတူ လှုပ်ရှားမှုတွေ လုပ်ပေးခဲ့ပါတယ်။