EU အရေးယူမှု ရုပ်သိမ်းပေးပါ လို့ ဆိုပေမယ့်လည်း

  • 11 ဇွန် 2011
ASEM ဓာတ်ပုံ မူပိုင် AFP
Image caption ASEM အစည်းအဝေး မှာ မြန်မာ EU အနေနဲ့ အရေးယူတာ ရပ်ပေးဖို့ ပန်ကြား

EU ဥရောပသမဂ္ဂ ဟာ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဆက်တိုက် လုပ်ခဲ့ ပေမယ့် မြန်မာဖက်ကတော့ EU နဲ့ ဆက်ဆံ ရေး ကောင်းမွန်ဖို့ သန္နိဌာန်ချ ထား တယ် လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် က ဇွန်လ ၆ ရက်နဲ့ ၇ ရက်နေ့ တွေ အတွင်း ကျင်းပ ခဲ့တဲ့ ASEM အာရှဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တခုမှာ ပြောခဲ့ကြောင်း မြန်မာအစိုးရ သတင်းစာတွေမှာ သောကြာနေ့ က ဖော်ပြခဲ့ ပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂဖက် က အမြင်ကို သိရအောင် EU နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် ရဲ့ ပြောခွင့်ရသူ တဦး ဖြစ်တဲ့ မစ္စ မာယာ ကော်တီယန်ချစ်ချ် ကို ဆက်သွယ် မေးကြည့်တော့ သူက ခုလို စဖြေ ပါတယ်။

ဖြေ၊ အီးယူဟာ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု ကို ဧပြီလတုန်း က ပဲ ထပ်ပြီး သက်တမ်း တိုးခဲ့ ပါတယ်။ တချိန်ထဲမှာပဲ မြန်မာ အစိုးရရဲ့ လက်တွေ့လုပ်ဆောင်မှု အပိုင်း ကို ကြည့်ပြီး မူဝါဒတွေကို ဆုံးဖြတ်သွားမယ် ဆိုတာလည်း ပြော ထား ပါတယ်။ လာမယ့် လတွေ အတွင်း မြန်မာအစိုးရ ဘာတွေ ဆောင်ရွက်မလဲ ဆိုတာကို အနီး ကပ် စောင့်ကြည့် သွားမှာပါ။ ဒီနေရာမှာ အီးယူရဲ့မူဝါဒကိုပြောင်းလဲဖို့ဆိုရင်အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘော ထား ကို ရယူဖို့ လိုတယ် ဆိုတာ ကိုလည်း ပြောချင် ပါ တယ်။

မေး၊ အခု မြန်မာနိုင်ငံခြားရေးဝန်ကြီး က ဒီပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ထပ်ပြောလာတဲ့ ကိစ္စဟာ EU မူဝါဒတွေကို ပြန် သုံးသပ်ဖို့ ဘယ်လောက် ထိရောက်မှု ရှိနိုင် ပါလဲ။

ဖြေ၊ မြန်မာအစိုးရသစ်အနေနဲ့ တိုင်းပြည်မှာ တိုးတက် ပြောင်းလဲမှု အသစ် တွေကို မြင်ရဖို့ EU ဖက်က မျှော်လင့် ပါ တယ်၊ မြန်မာ အစိုးရသစ် က ဘာတွေ ပြောခဲ့သလဲ ဆိုတာကို လည်း ကျွန်မ တို့ ကြား ပါတယ်။ ဒါပေမယ့် EU ဖက် မှာလည်း တိကျတဲ့ ရပ်တည်ချက် ရှိနေ ပါတယ်၊ ဒီကိစ္စကို သုံးသပ်ဖို့ ကျွန်မတို့ဖက်က ဆန္ဒရှိ ပါတယ်။ ဒါပေ မယ့် လက်တွေ့ လုပ်ပြ တာ ကိုလည်း တွေ့ရဖို့ လိုနေ ပါတယ်။

မေး၊ ဒါဆိုရင် EU ဖက်ကမြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တာမျိုး တွေ ရော လုပ်ဖို့ ရှိပါလား။

ဖြေ၊ ဒါနဲ့ ပတ်သက်လို့ ဗီယင်နာမှာ ဆွေးနွေးမှုတွေ လုပ်ခဲ့တာတော့ ရှိပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ အသေးစိတ် ကိုတော့ ခုချိန်မှာ မပြောနိုင် သေးပါဘူး။ ကျွန်မတို့ဟာ မစ္စတာ ပီယာရို ဖာဆီနိုတို့လို အထူး ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်မျိုး က တဆင့် သံတမန်ရေး အရ ဆောင်ရွက်မှုတွေ လုပ်နေတာလည်း ရှိပါတယ်။ ကျွန်မတို့ ဟာ မြန်မာ နိုင်ငံ ရဲ့ အခြေ အနေ ကို နည်း အမျိုးမျိုးနဲ့ လေ့လာ စောင့်ကြည့်နေ ပါတယ်။ ဒေသတွင်းမှာရော၊ တခြားဒေသ တွေမှာ ပါရှိတဲ့ လုပ်ဖော် ကိုင်ဖက်တွေ နဲ့ စကား ပြောဆို တာမျိုး ရှိ သလို၊ မြန်မာအစိုးရ ရဲ့ ပြောဆိုမှုတွေ၊ အခြား မြန်မာလူ့ အသိုင်း အဝန်း ထဲက လူတွေ နဲ့ ပြောဆိုမှုတွေလည်း လုပ်နေ ပါတယ်။