KIA ဘွမ်ဆဲန် စခန်းကို အစိုးရတပ်တွေ စတိုက်

  • 11 ဇွန် 2011
KIA
Image caption မြန်မာ အစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေ အကြား အခြေအနေ တင်းမာနေ

ကချင်ပြည်နယ် မိုးမောက် မြို့နယ် မှာ ရှိတဲ KIA ကချင် လွတ်မြောက်ရေး တပ်စခန်း တခုကို မြန်မာ အစိုးရတပ်တွေက စနေနေ့ မွန်းလွဲပိုင်းက လက်နက်ကြီးတွေနဲ့ စတင် တိုက်ခိုက်လိုက်ပါတယ်။

တာပိန် ရေကာတာ အနီးမှာ ဆန်ဂန် ဒေသမှာ ရှိတဲ့ KIA ဘွမ်ဆဲန် တပ်စခန်းကို ဇွန်လ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီ နောက်ဆုံးထားပြီး ရုပ်သိမ်းပေးဖို့ မြန်မာ အစိုးရက ရာဇသံ ပေးထားပေမဲ့ KIA က မလိုက်နာတဲ့ အတွက် မြန်မာ အစိုးရတပ်တွေဖက်က အခုလို စတင် တိုက်ခိုက်ခဲ့တာလို့ KIO ဗဟို ကော်မီတီဝင် တဦး ဖြစ်သူ ဦးလနန် က ဘီဘီစီကို ပြောပါတယ်။

နေ့လည် ၃နာရီလောက်က မြန်မာ အစိုးရဖက်က အဝေးကနေ လက်နက်ကြီးတွေနဲ့ စပစ်ခဲ့ပြီး အခု ခြေလျင်တပ်တွေ တဖြည်းဖြည်းနဲ့ ရှေ့တိုး ချဉ်းကပ်လာနေပြီလို့ သူက ပြောပါတယ်။

ခုခံ ကာကွယ်တဲ့ နည်းကိုပဲ သုံးဖို့ အထက်က ညွှန်ကြားထားပေမဲ့ အစိုးရတပ်တွေ ရှေ့တိုး လာရင်တော့ KIA တပ်တွေအနေနဲ့ ပြန်လည် တိုက်ခိုက်တာမျိုးတွေ လုပ်သင့်ရင် လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

KIA တပ်စခန်းတွေ အားလုံးဟာ အချက်အချာ ကျတဲ့ နေရာတွေမှာ ဖွင့်လှစ်ထားတာမို့ မြန်မာ အစိုးရက တောင်းဆိုတိုင်း ရုပ်သိမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။

ဘွမ်ဆဲန် တပ်စခန်းဟာ တာပိန် ရေကာတာ နေရာနားမှာ ရှိနေတာမို့ လုံခြုံရေး အကြောင်းပြပြီး မြန်မာ အစိုးရက ရုပ်သိမ်းခိုင်းနေတာ ဖြစ်ကြောင်း၊ ရေကာတာ မဆောက်ခင် ကတည်းက ဘွမ်ဆဲန် တပ်စခန်း ဖွင့်လှစ်ထားခဲ့တာမို့ မြန်မာ အစိုးရရဲ့ အကြောင်းပြချက်ကို KIA အနေနဲ့ လက်မခံနိုင်ကြောင်း KIO ဗဟို ကော်မီတီဝင် ဦးလနန် က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း အဲဒီ ဒေသမှာ မြန်မာ အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား သုံးနာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။