သီတဂူ ဆရာတော် နိုင်ငံရေး ပါတီတွေ ကို ဖိတ်ကြားမှု ပိတ်ပင်ခံရ

  • 11 ဇွန် 2011
sitagu
Image caption ငြိမ်းချမ်းညီညွတ်စေချင်တဲ့ ဆန္ဒ ရှိနေတဲ့ ဆရာတော် ဉာဏိဿရ

ဇွန်လ ၁၆ ရက်က စတင်ပြီး ရန်ကုန် မှာ ၅ ရက်ကြာ ကျင်းပမယ့် နိုင်ငံတကာ ဗုဒ္ဓ သာသနာ့ တက္ကသိုလ် ဖွင့်ပွဲကို တက်ရောက် ဖို့ သီတဂူ ဆရာတော် အသျှင် ဉာဏိ ဿရ က နိုင်ငံရေး ပါတီတွေကို ဖိတ်ကြား တာကို အစိုးရ က ပိတ်ပင် လိုက်ပါတယ်။

သက်ဆိုင်ရာ နိုင်ငံရေး ပါတီ တွေကို ဖိတ်စာတွေ ပေးပို့ပြီးကာမှ အခုလို ပိတ်ပင် ခံရတာ ပါ။

ဆရာတော် က သာသနာ့ တက္ကသိုလ် ဖွင့်ပွဲ အခမ်းအနား ၅ ရက် လုပ်မယ့် အထဲ တရက် ကို နိုင်ငံ အစိုးရ ခေါင်းဆောင်တွေ ကို ဖိတ်ထား သလို၊ တရက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ အပါအဝင် နိုင်ငံရေး ပါတီ တွေကို ဖိတ်ကြား ခဲ့တာပါ။

အားလုံးကို ငြိမ်းချမ်း ညီညွတ်စေချင်တဲ့ သဘောနဲ့ တူညီသော လမ်းကြောင်းပေါ်မှာ အားလုံး လက်တွဲ လမ်းလျှောက်ကြပါစို့ ဆိုတဲ့ မူနဲ့ လုပ်ဆောင် တာဖြစ်တယ် လို့ လည်း ဆရာတော်ကြီး က မိန့်ကြားခဲ့ပါတယ်။

လူတွေအားလုံး မေတ္တာ နဲ့ ကရုဏာဆိုတဲ့ ဘုံရပ်တည်ချက်နဲ့ အတူသွားနိုင်ဖို့ ရည်ရွယ်ပြီး ဖိတ်ကြားတာ ဖြစ်တယ် လို့ လည်း သူ က ဆိုခဲ့ပါတယ်။

အခုတော့ နိုင်ငံရေး နဲ့ ဘာသာရေး နဲ့ မရောယှက်ရဘူးဆိုပြီး အစိုးရ ဖက် က တားမြစ်လို့ အခု လို ဖိတ်ကြားတာတွေကို ပယ်ဖျက် လိုက် တယ် လို့ သိရကြောင်း ဖိတ်ကြား ခံထားရတဲ့ ဒီမိုကရက်တစ် ပါတီ မြန်မာပြည် က ဒေါ်သန်းသန်းနု က ပြောပါတယ်။

ဖိတ်စာတွေဝေပြီးမှ ခုလိုပိတ်ပင်ခံရပေမယ့် နိုင်ငံရေး ပါတီကိုဖိတ်တဲ့ သဘောမဟုတ်ပဲ လူ ပုဂ္ဂိုလ်တွေကို ဖိတ်တဲ့အနေနဲ့ဆက်ပြီး ဖိတ်ကြားဖို့ ရှိတယ် လို့ လည်း သီတဂူ ဆရာတော် ရဲ့ ကိုယ်စား ဖိတ်စာတွေဝေနေတဲ့ ဦးခင်မောင်ဝင်း က ဘီဘီစီ ကို ပြောပါတယ်။

နိုင်ငံရေးပါတီ တွေကို သီတဂူဆရာတော် က တွေ့ ဆုံ တဲ့အခါ အမျိုးသား ပြန်လည် သင့်မြတ် ရေး တရားဟောဖို့ ရှိတယ်လို့ အရင် က သတင်းတွေ ထွက်ခဲ့ပါတယ်။