အစိုးရတပ်ဖွဲ့တွေနဲ့ SSA အကြား တိုက်ပွဲဖြစ်

  • 12 ဇွန် 2011

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်က အက်စ်အက်စ်အေ တပ်မဟာ (၁) လို့ ခေါ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ရဲ့ တပ် စခန်းတခုကို မြန်မာအစိုးရစစ်တပ်က ဒီကနေ့မနက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်လို့ SSA ဘက်က တပ်ခစန်း တခု ထပ်ကျသွားပါတယ်။

ဓာတ်ပုံ မူပိုင် SHAN
Image caption နတ်စင်ကုန်းတပ်စခန်းကို မနက်စောစောမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့

ကျောက်မဲအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ ရဲ့ လက်အောက်ခံတပ်ရင်း တွေက အင်အား ၃၀ဝ နီးပါးလောက်နဲ့ သီပေါမြို့ နယ် ဆိုင်ကျောက် ပြည်သူ့စစ်အဖွဲ့ရဲ့ ဌာနချုပ် အရှေ့ဘက်မှာ တပ်စွဲထားတဲ့ SSPP ကောင်းစဝ်မိန်း ခေါ် နတ်စင်ကုန်းတပ်စခန်းကို ဒီနေ့မနက် ဝေလီဝေလင်း အချိန်လောက်က စပြီး မနက် ၉ နာရီ လောက်အထိကို လက်နက် ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတပ်စခန်းမှာ အခြေချနေထိုင်နေတဲ့ SSPP ရဲ့လူအင်အားကတော့ ၁၀ဝ လောက်ပဲ ရှိတယ်လို့သိရပါတယ်။

မြန်မာအစိုးရ ခြေမြန်တပ်ရင်း ခမရ ၅၀၃၊ ၅၀၄ နဲ့ ဆိုင်ကျောက်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၂၂ တပ်ရင်း ၃ ရင်းတို့ကပေါင်းပြီး သူတို့တပ်ကို လက်နက်ကြီးနဲ့ ခြိမ်းခြောက် ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီလို လက်နက်နဲ့ ပစ်ခတ်လို့ သူတို့ဘက်က ခုခံနိုင်အား မရှိတာရယ်၊ နောက်ပြီးရွာသားတွေကိုလဲ ထိခိုက်မှာစိုးလို့ သူတို့ဘက်ကစပြီး ဆုတ်ခွာပေးလိုက်တာလို့ အစ်အက်စ်အေ စိုင်းထူးက ရှမ်းဘာသာနဲ့ ဘီဘီစီကို ပြောပါတယ်။

အခုထိ နှစ်ဖက်စလုံးရဲ့ အသေအပျောက်စရင်း မသိရသေးဘူးလို့ အက်စ်အက်စ်အေက ပြောပါတယ်။

အစိုးရ စစ်တပ်ဘက်က အခုထိ စစ်အင်အားနဲ့ လက်နက်အင်အားတွေကို အက်စ်အက်စ်အေ ဌာနချုပ်အနီးတဝိုက်မှာ ထပ်ဖြည့်တင်း နေတုန်းလို့ သိရပါတယ်။

မြန်မာအစိုးရစစ်တပ်ဟာ မတ်လကတည်းကစပြီး အက်စ်အက်စ်ကို တပ်ရင်းပေါင်း ၂၀ နဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နောက်ပြီးတော့ မြန်မာအစိုးရ စစ်တပ်က သိမ်းပိုက်ရရှိထားတဲ့ အက်စ်အက်စ်အေရဲ့ အဓိက ခြေကုတ်စခန်းတွေဟာ အခု တပ်စခန်းတခုနဲ့ ဆိုရင် အားလုံးပေါင်း ၄ ခုရှိပြီလို့ အက်စ်အက်စ်အေက ပြောပါတယ်။