မြန်မာ​ကို​ကူညီ​ဖို့ ဒေါ်​စု ILO မှာ​ပြော

  • 13 ဇွန် 2011
daw aung san suu kyi ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာကိုကူညီဖို့ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံ ခေါင်းဆောင်တွေ မိန့်ခွန်းပြောပြီး သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီး တွေနဲ့ အလုပ်သမား အဖွဲ့ချုပ်တွေက တာဝန်ရှိသူတွေ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ရဲ့ မနေ့က ဆွေးနွေးပွဲတွေမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို ကနေ တဆင့် အလုပ်သမား ညီလာခံ တက်ရောက် လာကြသူတွေကို အမှာစကား ပြောခဲ့ပါတယ်။

နိုင်ငံတကာမှာ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ILO ရဲ့ ဆောင်ရွက်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးခဲ့သလို မြန်မာနိုင်ငံနဲ့ပတ်သက် ပြီးလည်း ကမ္ဘာက ပစ်ပယ်မထားဘဲ ဝိုင်းဝန်းကူညီကြဖို့ အလေးအနက် ပန်ကြားခဲ့ပါတယ်။

ILO ရန်ကုန်ရုံးက လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီးလည်း အဓမ္မ အလုပ်ခိုင်းစေမှု တွေကို ပပျောက်ရေး ဆောင်ရွက်ရင်း ကလေးစစ်သား ကိစ္စကနေ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်ချက်တွေ ပါလာပြီး၊ ဒါတွေဟာ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ခွဲမရတာကို မီးမောင်း ထိုးပြလိုက် တာပဲလို့ ဒေါ်စုက ပြောပါတယ်။

တခါ မြန်မာနိုင်ငံမှာ အလုပ်သမားဆိုင်ရာအခွင့်အရေးတွေ တိုးမြှင့်ရရှိဖို့ အတွက် ILO အနေနဲ့ ရှေ့ဆက် ဆောင်ရွက်နိုင်တာတွေနဲ့ ပတ်သက်ပြီး အလုပ်သမား အခွင့်အရေးရမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်မယ်၊ အလုပ်သမား သမဂ္ဂ ဖွဲ့ခွင့်ရရေးတွေ ဆောင်ရွက်ဖို့ တွေက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ပြောလိုက်ပါတယ်။

မြန်မာကို ကမ္ဘာက ပစ်မထားဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သလိုပဲ ILO ရဲ့ မြန်မာ နိုင်ငံမှာ အခက်အခဲတွေကြားထဲက အောင်မြင်အောင် ဆောင်ရွက် ပေးခဲ့မှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

မြန်မာနဲ့အတူနိုင်ငံတကာမှာ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးနယ် ပယ်အသီးသီးမှာ တရားမျှတမှုကို အခြေခံတဲ့ ရေရှည်ငြိမ်းချမ်းမှုတွေ ထွန်းကားဖို့ ILO နဲ့ သက်ဆိုင်သူတွေ ပိုပြီးပူးပေါင်းဆောင်ရွက်နိုင်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကနေတဆင့် ပြောဆိုခဲ့ပါတယ်။