အိမ်ဖော်​အလုပ်​သမား ILO ကွန်​ဗင်ရှင်း

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အကြိမ် ၁၀၀ မြောက် နိုင်ငံတကာ အလုပ်သမား ညီလာခံကို ကျင်းပနေတာမှာ အိမ်ဖော် အလုပ် သမားတွေအတွက် နိုင်ငံတကာကွန်ဗင်းရှင်းမူကြမ်းအတွက် မနေ့က ဆွေးနွေးခဲ့ကြ ပါတယ်။

Image caption ပြည်တွင်းမှာလည်း မချောင်၊ နိုင်ငံခြားထွက် လည်း ကျပ်တော့ ဘာမှ မတတ်နိုင်ကြသူတွေ

ဒီကွန်ဗင်းရှင်း အတည်ဖြစ်ရင် မြန်မာနိုင်ငံကနေ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားစသဖြင့် နိုင်ငံရပ် ခြားမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာ အိမ်ဖော် အလုပ်သမားတွေ အတွက် ထူးခြားတဲ့ အခွင့်အရေးတွေ ကတော့ ချက်ချင်း ရဦးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမားတွေကို ကူညီစောင့်ရှောက်မှုပေးနေတဲ့ ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့က အထွေထွေအတွင်း ရေးမှူး ကိုမိုးစွေကတော့ ထိုင်းနိုင်ငံရဲ့ လက်ရှိ ဥပဒေတွေက အိမ်ဖော်တွေကို အလုပ်သမားလို့ မသတ်မှတ်ဘဲ ဥပဒေရဲ့ အကာအကွယ်ကို မပေးထားဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အလုပ်သမား ဖြစ်တဲ့အတွက် လုပ်ခရပိုင်ခွင့် တောင်းဆိုနိုင်တယ်၊ အိမ်ဖော်တွေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားခံရရင် ထိုင်းအမျိုးသမီးရေးရာတို့၊ NGO တို့ကို တိုင်ကြားနိုင်တယ်လို့ သူက ဆိုပါတယ်။

ILO အစည်းအဝေးတက်ရောက်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အရေးကူညီပေးနေတဲ့ MAP Foundation Director Jackie Pollock ကတော့ သက်ဆိုင်ရာ နိုင်ငံတွေက ကွန်ဗင်းရှင်းကို လက်မှတ်ထိုးပြီး သူတို့ရဲ့ သက်ဆိုင်ရာ ဥပဒေတွေကို ပြင်ခဲ့ရင်တောင်မှ တရားမဝင် ပြည်ပထွက် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ အိမ်ဖော် အလုပ်သမားတွေ အရေးက ရင်လေးစရာပါလို့ ဆိုပါတယ်။

အိမ်ဖော်အလုပ်သမားတွေကို အလုပ်သမားအဖြစ် သတ်မှတ်လိုက်ပြီဆိုတော့ အလုပ်သမား အခွင့်အရေး တောင်းဆိုနိုင်ပြီ၊ အလုပ်ခွင်မှာ အဆင်မပြေတာတွေ၊ နှိမ့်ချဆက်ဆံ ခံရတာတွေကို ဖော်ထုတ် တင်ပြနိုင်ပါပြီ။ ဒါပေမဲ့ တခုသတိပြုရမှာက အခုကွန်ဗင်းရှင်းက အိမ်ဖော် အလုပ်သမားတွေ အတွက်ပဲ အကာအကွယ် ပေးနိုင်မှာပါ။ ရွှေ့ပြောင်းအလုပ် သမားတွေ၊ နိုင်ငံကူးလက်မှတ်အတုနဲ့ တခြားနိုင်ငံတခုမှာ အလုပ်လုပ်နေသူတွေကိုတော့ အကာအကွယ်မပေးနိုင်ပါဘူးလို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအိမ်ဖော်တွေကတော့ လုပ်အားခ မရတဲ့ ပြဿနာ၊ ပိတ်လှောင်ပြီး အလုပ်စေခိုင်းတဲ့ ပြဿနာတွေ ရှိနေတယ်လို့ ကိုမိုးစွေက ဘီဘီစီကို ပြောပါတယ်။