အပစ်​ရပ်​ဖို့​နဲ့ ငြိမ်း​ချမ်း​ရေး​လုပ်​ဖို့ သမ္မတ​ကို ENC တိုက်​တွန်း

  • 13 ဇွန် 2011

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ မပြေလည်နိုင်သေးတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ထိုးစစ်ဆင်နေတာတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ၆ ကြိမ်မြောက် တိုင်းရင်းသား လူမျိုးများ ကောင်စီ ENC ကနေ ကြေညာချက်ထုတ်လို့ မြန်မာအစိုးရ သမ္မတဦးသိန်းစိန်ကို တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရသစ်ရဲ့ သမ္မတဖြစ်တဲ့ စစ်အစိုးရရဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်

အရင် စစ်တပ် အစိုးရတွေက နိုင်ငံရေးစကား ပြောမယ်ဆို အသစ်တက်တဲ့ အစိုးရနဲ့ ပြောပါလို့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကို ပြောခဲ့ ပါတယ်၊ အခု ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အချိန်တန်ပါပြီလို့ တိုင်းရင်းသားလူမျိုးများကောင်စီ ENC သဘာပတိ အဖွဲ့ဝင် တဦးဖြစ်တဲ့ ဆလိုင်း လျှန်မုန်း က ဘီဘီစီကို ပြောပါတယ်။

ခိုင်မာတဲ့ အစိုးရဆိုရင် သိက္ခာရှိရှိနဲ့ တိုင်းပြည် ပြဿနာတွေကို ဖြေရှင်းရမယ်၊ ဒီမိုကရေစီ လိုလားတဲ့ ငြိမ်းချမ်းရေး လိုလားတဲ့ အစိုးရဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်၊ တလျှောက်လုံး ရှောင်ခဲ့၊ ပုန်းခဲ့၊ ကြောက်ခဲ့ပေမယ့် ဒီအချိန်မှာတော့ လုပ်သင့်နေပြီလို့ သူက ဆိုပါတယ်။

လူထုကိုယ်စားပြုပြီး တက်လာတဲ့ အစိုးရလို့ ကိုယ့်ကိုယ်ကိုယ် ကြေညာနေတယ်ဆိုရင် လူထုအကျိုး၊ တိုင်းပြည်အကျိုးနဲ့ တိုင်းရင်းသားတွေရဲ့ အကျိုးကို ကြည့်ရမယ်လို့ ဆလိုင်း လျှန်မုန်းက ပြောပါတယ်။

တဖက်မှာတော့ မနေ့ကပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်လာ ပါတယ်။

တိုင်းရင်းသားပြည်သူတွေဟာ နှစ်ပေါင်း ၆၀ အခုလို တိုက်ခိုက်တာတွေကို ခံစားခဲ့ရတယ်၊ နှစ်ပေါင်း ၆၀ ကြာလာနေတဲ့ တိုင်းပြည် ပြဿနာ၊ ပြည်ထောင်စု ပြဿနာ ပြေလည်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်၊ သွေးထွက်သံယိုမှုတွေနဲ့ စစ်ကို မလိုလားဘူးလို့ ENC သဘာပတိ အဖွဲ့ဝင် တဦးဖြစ်တဲ့ ဆလိုင်း လျှန်မုန်း က ဆိုပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ရှင်းရမယ်၊ စစ်ရေးနဲ့ ဖြေရှင်းမယ်ဆိုရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ခုခံကာကွယ် ရမှာပဲလို့ သူက ပြောပါတယ်။